မြောင်းမြမှာ စစ်ကောင်စီကို ထွေအုပ်ဝန်ထမ်းတွေ လုံခြုံရေးပေးနေရ
ဧရာဝတီတိုင်း နယ်စပ်အထိ တိုက်ပွဲတွေပြင်းထန်လာချိန်မှာ စစ်ကောင်စီက မြောင်းမြမြို့ မှာရှိတဲ့ ထွေအုပ်ဝန်ထမ်းတွေကို အမှတ် ၉၃ ခြေလျင်တပ်ရင်း ခလရ- ၉၃ တပ်ထဲ ညတိုင်း လုံခြုံရေးယူခိုင်းနေတယ်လို့ ထွေအုပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က CJ Platform ကို ပြောပါတယ်။
စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းပေးနေတဲ့ သင်တန်းသားအသစ်တွေ ရဲ့အဆောင်တွေမှာ အဓိက သွားရောက် လုံခြုံရေးယူပေးရတာဖြစ်ပြီး လက်နက်ကိုင်ဆောင်ခွင့်တော့ ပေးမထားဘူးလို့ သိရပါတယ်။
“လုံခြုံရေးယူပေးရတာတော့ ကြာပြီဗျ။ စစ်မှုထမ်းတွေကို လုံခြုံရေးယူပေးရတဲ့ ပုံစံမျိုးပါ။ အဓိကတော့ သူတို့ထွက်ပြေးမှာစိုးလို့ သွားစောင့်ရတဲ့သဘောပါပဲ”လို့ အမည်မဖော်လိုသူ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် လပွတ္တာမြို့ကိုလည်း ပြည်သူ့စစ်အုပ်ချုပ်သူအတွက်ဟုဆိုကာ ငါးဦးကို မဲနှိုက်ရွေးချယ်ပြီး မဲပေါက်သူက မွမ်းမံသင်တန်းတက်ရောက်ပြီး သွားရောက်ရမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီလို မဲနှိုက်ရွေးချယ်ရာမှာ မဲမပေါက်ပေမဲ့ စစ်ကောင်စီထောက်ခံသူ ထွေအုပ်ဝန်ထမ်းတချို့က မသွားချင်သူတွေဆီကနေ ငွေယူပြီး အစားထိုးသွားရောက်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
“သူတို့က လက်နက်ကိုင်ချင်ကြတာလေ။ စစ်တပ်အပေါ် ယုံကြည်မှုအပြည့်ရှိ ကြတယ်။ သင်တန်းထပ်တက်ပြီးမှ သွားရမှာ၊ အခုထိတော့ မသွားကြရသေးပါဘူး”လို့ အမည်မဖော်လိုသူ မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းက ဆက်ပြောပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲပြင်းထန်နေချိန်မှာ စစ်ကောင်စီက ငွေသောင်ယံ၊ ချောင်းသာ စတဲ့နေရာတွေမှာလည်း ပြည်သူ့စစ်တွေကိုပါ လုံခြုံရေးယူခိုင်းတာတွေ ဆောင်ရွက်ခဲ့တာရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မြောင်းမြမြို့မှာ အခုလို လုံခြုံရေးယူပေးရတာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေသာ ပါဝင်ပြီး တခြားဝန်ထမ်းတွေ မပါဝင်ဘူးလို့လည်း သိရပါတယ်။
လပွတ္တာကနေ တော်လှန်ရေးတပ်ဖွဲတွေ စိမ့်ဝင်လာမှာကို စိုးရိမ်တဲ့အတွက် ပြည်သူ့လုံခြုံရေးဆိုတဲ့ ပြည်သူ့စစ်တွေကို အင်အားဖြည့်နိုင်ဖို့ အခုလို ပြည်သူ့စစ် အုပ်ချုပ်သူတွေ ထပ်တိုး ဆောင်ရွက်တာဖြစ်နိုင်တယ်လို့လည်း မြောင်းမြမြို့နယ်က CDM အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက CJ Platform ကို သုံးသပ်ပြောဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ရဲဝန်ထမ်းဟောင်းတွေ ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး ခရိုင်ကြီးကြပ်အဖွဲ့တွေ ဖွဲ့စည်းဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာလထဲက ညွှန်ကြားထားပြီး လက်နက်ပေးကိုင်ဖို့ စိတ်ချရတဲ့ ရဲဝန်ထမ်းဟောင်းတွေကို စုစည်းကာ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ လပွတ္တာ၊ မအူပင်၊ ဖျာပုံ၊ ကျုံပျော်နဲ့ မြန်အောင် စတဲ့ခရိုင်တွေမှာ အနည်းဆုံး ရဲဝန်ထမ်းဟောင်း ၁၅ ဦး ပါဝင်တဲ့ အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ရခိုင်ရိုးမနဲ့ ဆက်စပ်နေပြီး တော်လှန်ရေးအင်အားစုတွေ အားကောင်းနေတဲ့ ပုသိမ်ခရိုင်နဲ့ မြန်အောင်ခရိုင်တွေမှာ ၁၅ ဦးပါ ကြီးကြပ်အဖွဲ့ကို နှစ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ယခုအခါမှာ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေကိုပါ စစ်ကောင်စီက အသုံးပြုလာတာပဲဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ အမ်းနပခကို ပြန်လည်ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေသလို ဧရာဝတီတိုင်း အင်္ဂပူရှိ အမြောက်တပ် အမတ ၃၄၄ မှာအင်အားဖြည့်ကာ ခံစစ်ပြင်နေတာရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ရခိုင်- ဧရာဝတီနယ်စပ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဗေဒါဂိတ်ကျသွားရင် ဧရာဝတီတိုင်း၊ အင်္ဂပူရှိ အမြောက်တပ် အမတ ၃၄၄ ကိုပါ AA တပ်တွေ ရောက်လာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက သုံးသပ်ထားပါတယ်။
ပုံစာ – မြောင်းမြထွေအုပ်ရုံးကို တွေ့ရစဉ်