ရှမ်းမြောက်မှာ စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၄၀ ကျော်သေဆုံးပြီး ၆၀ နီးပါးဒဏ်ရာရလို့ TNLA ထုတ်ပြန်
ရှမ်းမြောက်က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၄၄ ဦးသေဆုံးတဲ့အပြင် ၅၇ ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ် TNLA က ဒီနေ့ ဇူလိုင် ၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ဇွန် ၂၅ မှ ဒီနေ့ ဇူလိုင် ၆ ရက်နေ့အထိ ၁၂ ရက်အတွင်း ကျောက်မဲမှာ ၁၇ ဦး၊ နောင်ချိုမှာ ၂ ဦး၊ မိုးကုတ်မှာ ၅ ဦး၊ မိုးမိတ် ၁ နဲ့ လားရှိုးမှာ ၁၅ ဦးအထိသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူတွေထဲ ကျောက်မဲမှာ ၂၇ ဦး၊ နောင်ချို တစ်ဉီး၊ မိုးကုတ် ၄ ဦး၊ သီပေါ ၆ ဦးနဲ့ လားရှိုးမှာ ၁၃ ဦးအထိ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA ရဲ့ စာရင်းအရ သိရပါတယ်။
ရှမ်းမြောက် တအာင်း စစ်ဒေသ ၂ ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် နေအိမ် ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ပြည်သူလူထုကို ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းသုံး ဗုံးကြဲခြင်းများပြုလုပ်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ PSLF/TNLA က ပြောပါတယ်။
ဒီနေ့ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်မြောက်နေ့မှာ ကျောက်မဲနဲ့ မိုးမိတ်မြို့တို့မှာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့သလို နောက်ချိုမြို့ရဲ့ နောက်ဆုံးခံတပ် ဒုံရင်းတပ် ၆၀၆ မှာလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ PSLF/TNLA ရဲ့ တိုက်ပွဲသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
နောင်ချိုမြို့က ဒုံးတပ်(၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဆယ်ကြိမ်၊ Y12 လေယာဉ်ဖြင့် ဗုံး ၅၀ လုံး တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လားရှိုးမြို့နယ် အီနိုင်းရွာနဲ့ ဆယ်မိုင်ကုန်းကြားနဲ့ မိုးမိတ်မြို့ ရွှေဇာလီ စာသင်ကျောင်းတို့သို့ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – PSLF/TNLA