စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ဒေသက ပြည်သူ ၁၃၀ ကျော် အသက်ဆုံးရှုံးခဲ့ရ

Author CJ Platform
Categories
Published on Jan 07, 2026

ကချင်ပြည်အတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ဒေသခံပြည်သူ ၁၃၃ ဦး သေဆုံးခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ထံက သိရပါတယ်။

 

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်အုပ်စုတို့ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဗန်းမော်တိုက်ပွဲအတွင်း ၂၀၂၅ ခုနှစ် မေလ ၈ ရက်က စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၃၀ ထက်မနည်း သေဆုံးခဲ့ရမှုအပါအဝင် တစ်နှစ်အတွင်း ဒေသခံပြည်သူ ၁၃၃ ဦး သေဆုံးခဲ့ပြီး ၁၁၇ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

 

“စစ်အုပ်စုဘက်က လေကြောင်းတိုက်ခိုက်မှုက ၅၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တာပါ။ အစုလိုက် အပြုံလိုက်တိုက်ခိုက်ခံရတာ ၅ ကြိမ်ပါ။ ၂၀၂၅ ထဲမှာတော့ အရင်နှစ်တွေထက် လေကြောင်းတိုက်ခိုက်မှု ပိုများလာနေတာ” လို့ KHRW သတင်းပြန်ကြားရေးတာဝန်ခံ ကိုဂျက်ကော့က CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်အတွင်း ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ် ငါးကြိမ်ရှိခဲ့ပြီး ဒီဖြစ်စဉ်အတွင်း စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံပြည်သူ ၆၉ ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်အထိ ရှိခဲ့တယ်လို့ KHRW က ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဒါဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို စစ်အုပ်စုက စနစ်တကျ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေလည်းဖြစ်တယ်လို့ KHRW က ဖော်ပြထားပါတယ်။

 

မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ (MPM) က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းငါးနှစ်တာကာလအတွင်း ကချင်ပြည်ထဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၀ ကျော် လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူ ၂၂၈ ဦး သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၆ ဦးအထိ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ကချင်ပြည်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်အထိရှိလာပြီလို့ ကိုဂျက်ကော့ကလည်း ပြောဆိုထားသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်အတွင်း စစ်ဘေးရှောင်ပြည်သူ ၁၆၅,၀၀၀ ကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ကလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – KHRW

 

 

Related News

Depend on news