ချင်းတပ် ပိတ်ထားတဲ့ ကလေး-သိုင်းငင်း လမ်းတလျှောက် စစ်ကောင်စီ စစ်ကြောင်းထိုးနေ

Author ဆလိုင်း
Categories
Published on Jul 06, 2024

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်၊ တီးတိန်မြို့နယ် ကလေး-သိုင်းငင်း လမ်းကြောင်းအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးနေတယ်လို့ အဲဒီက ဒေသခံများထံမှ သိရပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ကလေးမြို့မှ မော်တော်ယာဉ် ခြောက်စီးဖြင့် ယမန်နေ့ ဇွန်လ ၅ ရက် မနက်အစောပိုင်းက ကလေး-သိုင်းငင်း လမ်းကြောင်းအတိုင်း ချင်းတောင်ပေါ်သို့ တက်သွားကြတယ်လို့ မျက်မြင်တွေ့လိုက်တဲ့ ကလေးဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကားထဲလည်း စစ်သားတွေ လက်နက်ခဲယမ်းတွေ အပြည့်ပဲ။ သိုင်းငင်းဘက်ကို စစ်ကြောင်းပြန်ထိုးလာတာဖြစ်ဖို့ များတယ်” လို့ ၎င်းက ပြောပါတယ်။

 

ကလေး – သိုင်းငင်းကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို စစ်ရေးအခြေနေအရ အသွားအလာ မလုပ်ကြဖို့ CDF CDM-Siyin  အဖွဲ့က ဇူလိုင်လ ၄ ရက်နေ့က အရေးပေါ် ထုတ်ပြန်ထားပါတယ်။

 

အဲဒီက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ CDF CDM – Siyin ထံ CJ Platform က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရသေးပါဘူး။

 

ယန်နေ့မနက်ပိုင်းက ချင်းတောင်ပေါ်သို့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သိုင်းငင်းတပ်စခန်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်နိုင်တယ်လို့ သိုင်းငင်းဒေသခံတစ်ဦးက CJ Platform သို့ သုံးသပ်ပြောဆိုပါတယ်။

 

“အဲဒီဘက်မှာ သိုင်းငင်းစခန်းတစ်ခုပဲ ရှိတယ်။ ပြီးတော့ အဲဒီတပ်စခန်းဟာ စစ်ရေးအရအရေးပါတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်ကောင်စီက ပြန်ရဖို့အတွက် မကြာခဏ စစ်ကြောင်းထိုးတာလည်း ဖြစ်တယ်။ အခုလည်း အဲဒီကို စစ်ကြောင်းပြန်ထိုးလာတာဖြစ်မယ်” လို့ ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့ကလည်း သိုင်းငင်းတပ်စခန်းကို ပြန်လည်ရရှိဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က သိုင်းငင်းရွာကို မီးရှို့ဖျက်ဆီးပြီး ခိုင်ကမ်းမြို့သို့ တပ်ဆုတ်သွားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ- ကလေး-သိုင်းငင်း ကားလမ်းကို တွေ့ရစဉ်