စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ တရုတ်အစိုးရပိုင် NORINCO ကို ဒဏ်ခတ်အရေးယူဖို့ JFM တောင်းဆို

Author CJ Platform
Categories
Published on Jul 25, 2025

စစ်ကောင်စီတပ်ကို လက်နက်တင်ပို့ရောင်းချနေပြီး နည်းပညာထောက်ပံ့မှုတွေ လုပ်ဆောင်နေတဲ့ တရုတ်အစိုးရပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co., Ltd (NORINCO) ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice For Myanmar (JFM) က ဒီနေ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

အခု ဇူလိုင် ၂၀ ရက်က မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်စစ်လက်နက်ကုမ္ပဏီ NORINCO က ရောင်းချထားတဲ့ လက်နက်ခဲယမ်းနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) က သိမ်းဆည်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ NORINCO ကုမ္ပဏီထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်းဖော်စက်တွေလည်း ပါဝင်တာလည်း ဖြစ်ပါတယ်။ NORINCO ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်ကတည်းက စစ်အုပ်စုအတွက် ပြည်တွင်း စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် နည်းပညာတွေကို အဓိကပံ့ပိုးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တယ်လို့ JFM က ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ၂၀၁၈၊ ၂၀၁၉ ခုနှစ်မှာလည်း NORINCO ကုမ္ပဏီက နည်းပညာရှင်တွေဟာ မကွေးတိုင်းအတွင်းမှာရှိတဲ့ အမှတ် ၂၀ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အော်တိုအမြှောက်တွေ၊ ဆက်စပ်ခဲယမ်းတွေအပါအဝင် လေယာဉ်ပစ်သေနတ်တွေ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီတွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁၊ ၂၀၂၂ ခုနှစ်မှာလည်း NORINCO ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ China Wanbao Engineering Corporation ကလည်း အမေရိကန်ဒေါ်လာ ၅ မီလီယံနဲ့ ၁၀ မီလီယံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ လက်နက်တွေကို စစ်ကောင်စီထံ တိုက်ရိုက်ရောင်းချခဲ့ပါသေးတယ်။

 

NORINCO ကုမ္ပဏီဟာ မြန်မာစစ်တပ် (စစ်ကောင်စီ) နဲ့ ကာလရှည် ပူးပေါင်းဆောင်ရွက်မှု ရှိနေတဲ့အပြင်၊ စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုနိုင်အောင် ကြားခံအကျိုးဆောင်ပွဲစားအဖြစ် ဆောင်ရွက်ပေးတဲ့ အရေးပါတဲ့အခန်းကဏ္ဍကလည်း ပါဝင်နေပြီး၊ စစ်တပ်အရာရှိတွေကို တရုတ်နိုင်ငံမှာ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုတွေအတွက် စီစဉ်ဆောင်ရွက်ပေးနေတာတွေလည်း ရှိနေတယ်လို့ JFM က ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံတော်ကောင်စီက အပြည့်အဝပိုင်ဆိုင်ထားပြီး မဟာဗျူဟာ စီးပွားရေးဆုံးဖြတ်ချက်တွေနဲ့ တင်ပို့မှုတွေအပေါ် တရုတ်အစိုးရက ဩဇာလွှမ်းမိုးထားမှုရှိနေတဲ့ NORINCO ကုမ္ပဏီရဲ့ စစ်လက်နက်ပစ္စည်း ရောင်းချမှု၊ နည်းပညာလွှဲပြောင်းမှုနဲ့ လေ့ကျင့်သင်ကြားပေးနေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ကိုလည်း JFM က တောင်းဆိုထားပါတယ်။

 

ဒါ့အပြင် မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတာကြောင့် နိုင်ငံတကာအနေနဲ့ NORINCO ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့အရေးယူသင့်တယ်လို့ JFM က တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – MDY PDF

 

 

Related News

Depend on news