ဘလင်ကန် တောင်ကိုရီးယားကို ရောက်နေခိုက် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်
နိုင်ငံရေးမတည်မငြိမ် ဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံကို အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အလည်အပတ် ရောက်ရှိနေတဲ့ ဒီကနေ့ ဇန်နဝါရီ ၆ ရက်နေ့မှာပဲ မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်ကို ပင်လယ်ပြင်တွင်း ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။
ဘလင်ကန်နဲ့ တောင်ကိုရီးယားရဲ့ ယာယီသမ္မတချွိုင်ဆန်မော့တို့ တွေ့ဆုံပြီးတဲ့နောက် မွန်းတည့်ချိန် ဝန်းကျင်မှာပဲ မြောက်ကိုရီးယားက ဒုံးကျည်ကို အရှေ့ဘက်ကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
အစည်းအဝေးမှာ ဘလင်ကန်က တောင်ကိုရီးယားနိုင်ငံအပေါ် အမေရိကန်ကထားရှိတဲ့ မယိမ်းယိုင်တဲ့လုံခြုံရေးကတိကဝတ်ကို အလေးပေးပြောဆိုခဲ့သလို မြောက်ကိုရီးယားရဲ့ရန်စမှုတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ခိုင်မာတဲ့ ပူပေါင်းကာကွယ်ရေး သဘောထားကိုလည်း တောင်းဆိုခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ချက်တစ်ခုအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာကြောင့် တောင်ကိုရီးယားရဲ့ သမ္မတ ယွန်ဆွတ်ယိုလ်ကို ရာထူးကနေ ဆိုင်းငံ့ထားတာကြောင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ ချွိုင်ဆန်မော့က ယာယီသမ္မတ ရာထူးကို ရယူထားတာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒီကနေ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ယမန်နှစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ခုနစ်စင်းထက် မနည်းကို အရှေ့ဘက်ကမ်းခြေကို ပစ်လွှတ်ခဲ့ပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ပစ်လွှတ်မှုလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ မြောက်ကိုရီးယားဘက်က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ဘယ်လိုအမျိုးအစား ဖြစ်တယ်ဆိုတာ အသေအချာ အတည်မပြုနိုင် သေးပါဘူး။
ယမန်နှစ်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ဟာ အထူးလောင်စာတစ်မျိုး (လောင်စာဆီအခဲ) ကို အသုံးပြုထားတဲ့ ဒီဇိုင်းသစ်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ပြောဆိုခဲ့ပြီး အဲဒီ ဒုံးကျည်တွေဟာ လျင်လျင်မြန်မြန်ပျံသန်းနိုင်သလို ဦးတည်ရာကိုလည်း ချက်ချင်းပြောင်းလဲနိုင်တဲ့ အထူးထိပ်ဖူးတပ်ဆင်ထားတာကြောင့် ကြားဖြတ်တားဆီးဖို့ ပိုခက်ခဲတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ သူတို့ရဲ့ ဒုံးကျည်အားလုံးကို အစိုင်အခဲလောင်စာကို အသုံးပြုဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
အစိုင်အခဲလောင်စာဟာ ဒုံးကျည်အတွင်း ထည့်သွင်းပြီးသားဖြစ်တာကြောင့် မပစ်လွှတ်ခင်မှာ လောင်စာဆီ ဖြည့်တင်းရတာမျိုးလည်း လုပ်ဆောင်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။ ဒါ့ပြင် ပစ်လွှတ်ဖို့အတွက်ပိုပြီးလုံခြုံသလို ပိုပြီးလွယ်ကူတယ်လို့လည်း ဆိုပါတယ်။
ထောက်ပံ့ပို့ဆောင်ဖို့အတွက်လည်း လိုအပ်ချက်နည်းသလို လောင်စာဆီအရည်သုံး ဒုံးကျည်တွေထက်လည်း ရှာဖွေဖျက်ဆီးရ ပိုခက်နိုင်တယ်ဆိုတဲ့ အားသာချက်တွေရှိတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ – Reuters
ပုံစာ – အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တောင်ကိုရီးယား ယာယီသမ္မတ ချွိုင်ဆန်မော့တို့ကို ဆိုးလ်မြို့မှာ ယနေ့ ဇန်နဝါရီ ၆ ရက်နေ့တွင် အတူတွေ့မြင်ရစဉ်
ကိုးကား – The Star