နောင်ချိုမြို့ လက်မလွှတ်ရရေး ၆၀၆ တပ်ရင်းက အဆိပ်ငွေ့ဗုံးသုံးတိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Jul 05, 2024

ရှမ်းမြောက်-မန္တလေးတိုင်း အစပ် နောင်ချိုမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ တအောင်းတပ် TNLA ၊ မန်း PDF ပူးပေါင်းအဖွဲ့ကို စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA ဘက်က ဒီနေ့ ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

 

ရှမ်းမြောက်က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချိုမြို့ လက်မလွှတ်ရရေး နောက်ဆုံးကျန်တဲ့ ၆၀၆ တပ်ရင်းကနေ မနေ့ ဇူလိုင် ၄ ရက်က အဆိပ်ငွေ့ဗုံး သုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

ဒါ့အပြင် နောင်ချိုရှိ စစ်ကောင်စီရဲ့စုပေါင်းခံတပ် ဒုံးတပ်ရင်း ၆၀၆ ကနေ ဟောင်ဝပ်ဇာလက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တဲ့အပြင် လေကြောင်းပစ်ကူ ၁၅ ကြိမ်ခန့် ပေးခဲ့တယ်လို့ TNLA က ပြောပါတယ်။

 

ဒါဟာ ရှမ်းမြောက်က TNLA စစ်ဒေသထဲ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ဇွန်လ ၁ ရက်နေ့က အဆိပ်ငွေ့ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ အဆိပ်ငွေဗုံးကြောင့် တအောင်းတပ်မတော် တပ်ဖွဲ့ဝင်များ အသက်ရှူမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းတို့အပြင် မအီမသာခံစားကြရလို့ ဆေးကုသမှုခံယူနေကြရတယ်လို့လည်း သိရပါတယ်။

 

မနေ့က တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး ဆယ်ရက်မြောက်နေ့မှာတော့ ဇူလိုင် ၃ ရက်ကစတိုက်ခဲ့တဲ့ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ရွှေသာယာတပ်စခန်းကို TNLA/PDF ပူးပေါင်းတပ်က သိမ်းနိုင်ခဲ့ပါတယ်။

 

ဒါ့အပြင် မနေ့က တအောင်းတပ်ရဲ့ တပ်မဟာ ၂ စစ်ဒေသရှိ မိုးကုတ်နဲ့ သီပေါမြို့တို့မှာလည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး သီပေါမြို့နယ်က ဒုဌဝတီတံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီနောက် တပ်မဟာ ၆ ဒေသ မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်တို့မှာ စစ်ကောင်စီက လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA