ပေါင်းတည်မှာ စစ်ကောင်စီကို လက်နက်နဲ့ ရိက္ခာ သယ်ပေးနေသူ ပစ်ခတ်ခံရပြီးနောက် သေဆုံး

Published on Jul 05, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းရွာနေ စစ်ကောင်စီခန့် အုပ်စုအုပ်ချုပ်ရေးမှူး မနေ့ ဇူလိုင် ၄ ရက် ညနေ ၄ နာရီခွဲခန့်မှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၄ ထံမှ သိရပါတယ်။

 

ဂျင်မီ(ခ)ကိုရဲမင်းဋ္ဌေးဆိုသူ အုပ်ချုပ်ရေးမှူးဟာ သိမ်ကုန်းရွာကနေ ပျဉ်ကြီးရွာသို့ အသွား ရွာနှစ်ရွာကြားလမ်းမပေါ်မှာ ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့တယ်လို့ ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက CJ Platform ကို ပြောပါတယ်။

 

၎င်းကို တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ လေးကြိမ်ခန့် သတိပေးခဲ့ပေမဲ့ မလိုက်နာဘဲ စစ်ကောင်စီအတွက် ဝဲကြီးဆည်ရေလမ်းကနေ လက်နက်ခဲယမ်းနဲ့ စားသောက်ကုန်တွေ ဖြည့်တင်းပေးခဲ့တယ်လို့ အထက်ပါ တာဝန်ခံ အပြောအရ သိရပါတယ်။

 

“သူက အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမှူး၊ သူ့ကိုရှင်းဖို့လုပ်တာ ကြာပြီ။ သတိလည်းပေးတယ် မပူးပေါင်းဖို့။ အခွင့်မသာလို့ မရှင်းရတာ။ ခုဟာကတော့ မပူးပေါင်းလို့ ပြတ်ပြတ်သားသားအရေးယူတာပါ။ နောင်လည်း အုပ်ချုပ်ရေးမှူး စစ်တပ်ထောက်တိုင်တွေကို ဖြိုသွားမှာပါ” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ၎င်းဟာ အဲဒီကျေးရွာမှာ အပ်ပုန်း(လိုင်စင်မဲ့)ဆေးထိုးသူတစ်ဦးဖြစ်ပြီး ၎င်းထံမှ ဆေးအိတ် တစ်လုံးအပါအဝင် အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

 

အုပ်ချုပ်ရေးမှူးရဲ့အလောင်းကို ၎င်းမိသားစုဝင်တွေက ည ၇ နာရီခွဲခန့်မှာ လာရောက်ကောက်ယူသွားပြီးနောက် သစ်ပုတ်ကျေးရွာတာဝါတိုင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်က လာရောက်စစ်ဆေးခဲ့ပြီး ယခုချိန်ထိ မသင်္ဂြိုလ်သေးဘူးလို့ သိရပါတယ်။

 

ဇွန်လ ၁၃ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ပေါက်ခေါင်းမြို့နယ်၊ လွှစင်ကုန်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး ကိုပွားသီးကို ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၁) ရွှေလေးညီနောင်အဖွဲ့နဲ့ ပေါက်ခေါင်း(ပကဖ)ဆောင်းခိုငှက်အဖွဲ့တို့ရဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – PPDF