မွန်ပါတီရုံးဟောင်းကို စစ်ကောင်စီ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်လို့ ဒဏ်ရာရသူတွေရှိ

Published on Jun 05, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ဒွန်းနဲ့ ကော့ပနောကျေးရွာကြားရှိ မွန်ညီညွတ်ရေးပါတီရုံးဟောင်းကို စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းမှာ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ် ဝဲပြီးနောက် မွန်းလွဲ ၃ နာရီမှာ ပထမအကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

 

အဲဒီနောက် ညနေ ၄ နာရီကျော်မှာ ဒရုန်းနဲ့ထပ်တိုက်မှုမှာ အမည်မသိ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကျိုက်မရောမြို့နယ်က CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

“ဒီမှာက အဖွဲ့က အစုံပဲ။ (မွန်းလွဲ) ၃ နာရီလောက် လေယာဉ်သံ အရင်ကြားပြီး ခဏနေတော့ ဗုံးသံအကျယ်ကြီးကြားရတယ်။ Drone နဲ့ လာပစ်သွားတယ် ကြားတယ်။ (ညနေ)၄ နာရီလောက်ကျတော့ နောက်ထပ် အသံကျယ်ကြီးထပ်ကြားရတယ်။ ပစ်သွားတာကတော့ မွန်အဖွဲ့အစည်း ရုံးဟောင်းတစ်ခုပဲ။ ဒဏ်ရာရသူတွေတော့ရှိတယ်ကြားပေမဲ့ ဘယ်အဖွဲ့တွေလည်း မသိရဘူး” လို့ သူက ပြောပါတယ်။

 

ယခင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာဒေသခံတွေက တိမ်းရှောင်နေကြတာဖြစ်တဲ့အတွက် ဒေသခံထိခိုက်မှုမရှိဘဲ အခုဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ဒီနေ့ ဇွန် ၅ ရက်နေ့မှာတော့ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

 

မေလ ၃၁ ရက်နေ့ မနက် ၁၀ နာရီတုန်းက ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာလမ်းဆုံရှိ ဒီမိုကရက်တစ် ကရင့်အကျိုးပြုတပ်မတော်(DKBA)ဂိတ် ဒရုန်းဗုံးချခံရတဲ့ဖြစ်စဉ်မှာ DKBA တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ဒေသခံ လင်မယား နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။