ဆေးဝါး‌ဈေးနှုန်းများ ထပ်မံမြင့်တက်၊ နာတာရှည်စွဲသောက်ရတဲ့ ဆေးဝါးတချို့ ပြတ်လပ်

Author ကိုထက်
Categories
Published on Jun 05, 2024

ရန်ကုန်မြို့မှာ ဆေးဝါးဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပြီး နာတာရှည်ဝေဒနာရှင်များအတွက် စွဲသောက်ရတဲ့ ဆေးဝါးတချို့ ပြတ်လပ်နေကြောင်း ရန်ကုန်လက်လီဆေးဝါးဈေးကွက်ထဲကနေ သိရပါတယ်။

 

နှလုံးဆေး၊ ဆီးချိုသွေးချိုဆေးကဲ့သို့ နာတာရှည်ဆေးဝါးတွေဟာ ဝယ်မရဘဲ ရှားရှားပါးပါးဝယ်ရပြန်ပါက ဈေးကြီးပေးရတယ်လို့ ရန်ကုန်မြို့က နာတာရှည်ရောဂါဝေဒနာရှင်အတွက် ဆေးဝယ်ပေးနေရသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“အားဆေးတွေလည်းဈေးတက်တယ်။ အရင် ၇၅၀ (ကျပ်)ဝယ်နေရာကနေ နှစ်ရက်သုံးရက်အတွင်းကို တစ်လုံး ၁၂၀ဝ ဖြစ်သွားတယ်။ အိမ်မှာ ဆီးချိုသမားအတွက်‌ ဆေးကလည်း ဆေးဆိုင်တော်တော်များများမှာပြတ်နေတယ်။ နာတာရှည်ဆေးတော်တော်များများပြတ်နေတာ။ နှလုံးဆေးတွေရောပဲ။ ဝယ်လို့ရတဲ့ဆီမှာလည်း ဈေးက မဟားတရားပေးဝယ်နေရတယ်” လို့ သူက ပြောပါတယ်။

 

အခုလို ဆေးစွဲသောက်နေသူတွေရဲ့ ဆေးဝါးတွေပြတ်လပ်နေတာကြောင့် သောက်နေကျဆေးတွေနဲ့ အာနိသင်တူတဲ့ဆေးဝါးတွေကိုသာ သုံးစွဲနေရတယ်လို့လည်း သိရပါတယ်။

 

‌ ပြည်တွင်း ဆေးဝါးအသုံးပြုမှု ၈၀ ရာခိုင်နှုန်းဟာ ပြည်ပကတင်သွင်းနေရတာဖြစ်လို့ အခုလိုဆေးဝါးဈေးတွေ မြင့်တက်လာတာဟာ အမေရိကန်ဒေါ်လာဈေးတက်တာကြောင့်ဖြစ်ပါတယ်။

 

“ရောင်းတဲ့သူကလည်း အရင်းတွေကြီးလာတယ်။ ‌ဈေးရောင်းပြီး အရင်းကထပ်ထည့်နေရတာချည်းဖြစ်နေတယ်။ တချို့လည်း ဆိုင်တွေပိတ်ကုန်ပြီ။ ကိုယ်လည်းအခြေအနေကြည့်နေတယ်။ လက်လုပ်လက်စား လူတန်းစားတွေများတဲ့နေရာတွေမှာ ကိုယ်လည်းဈေးရောင်းရတာ သောကများတယ်။ အဲဒီတော့ လက်ကျန်ဆေးကို အရင်ဈေးထက် သုံးရာလောက်တော့ ပိုယူရောင်းတယ်။ တိုးမယူရင်လည်း ကိုယ်အရင်းပြုတ်မှာပဲ” လို့ လှိုင်သာယာမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တစ်‌ဦးက ပြောပါတယ်။

 

အခုလက်ရှိမှာ အခြေခံလူတန်းစားများ ဖျားနာရင်ဝယ်သောက်နေရတဲ့ ဒီကိုလ်ဂျင်(Decolgen)၊ ဘိုင်အိုဂျက်ဆစ်(Biogesic) စတဲ့ဆေးတွေပင် တစ်လုံးကို ကျပ် ၅၀ဝ၊ အားဆေးတစ်လုံးကို ၁၀ဝ၀ ကျပ်ကျော်အထိ အထိမြင့်တက်လာတယ်လို့ လက်လီရောင်းချတဲ့ဆေးဆိုင်တွေဆီကနေ သိရပါတယ်။

 

စစ်အာဏာသိမ်းပြီးကတည်းက ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ကစလို့ လူသုံးကုန်၊ ဆေးဝါးတွေပါ ဈေးနှုန်း မြင့်တက်နေတာပါ။

 

လက်ရှိမှာတော့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလပြီးကတည်းက ‌နိုင်ငံခြားငွေဈေးနှုန်းတွေ တဖြည်းဖြည်းမြင့်တက်လာတာက‌နေ မေလနောက်ဆုံးပတ်ထဲ အမေရိကန်တစ်ဒေါ်လာ ၄၈၀၀ ကျပ်နီးပါးအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

 

ဒီလိုနိုင်ငံခြားငွေကြေးဈေးနှုန်းတွေမြင့်တက်တာကြောင့် ကုန်ဈေးနှုန်းတွေပါလိုက်ပါမြင့်တက်ပြီး အခြေခံ ပြည်သူတွေဟာ စားဝတ်နေရေး၊ ကျန်းမာ‌ရေးတွေမှာ အခက်အခဲတွေ ပိုများလာရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်