မန္တလေးမှာ ငါးရက်အတွင်း ဓါးပြတိုက်မှု သုံးကြိမ်ဖြစ်

Author အညာသား
Categories
Published on Jun 04, 2024

မန္တလေးမှာ အခုရက်ပိုင်း ရွှေဆိုင်၊ဖုန်းဆိုင်နဲ့ အထည်ဆိုင်တွေကို ဓါးပြတိုက်မှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်နေရာ ငါးရက်အတွင်း သုံးကြိမ်ဖြစ်ပေါ်ခဲ့တယ်လို့ ဖြစ်စဉ်မှတ်တမ်းတွေအရ သိရပါတယ်။

 

မနေ့ ဇွန် ၄ရက် မနက် ၉နာရီလောက်မှာ မန္တလေး ချမ်းအေးသာစံမြို့နယ် လမ်း ၆၀၊ ၃၂လမ်းနဲ့ ၃၃လမ်းကြားမှာရှိတဲ့ အထည်ဆိုင် ဓါးပြတိုက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်မှာ အထည်ဆိုင်အတွင်းကို အမျိုးသား၊အမျိုးသမီးအဖွဲ့လိုက် ဓါးတွေကိုင်ဆောင်ဝင်လာပြီး ဆိုင်ဝန်ထမ်းတွေဆီက လက်ကိုင်ဖုန်းတွေ၊ရောင်းရငွေတွေနဲ့ ဝန်ထမ်းတွေဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကို လုယူထွက်ပြေးသွားတယ်လို့ သိရပါတယ်။

 

အလားတူ ဇွန် ၂ရက်ကလည်း မန္တလေး၊ အောင်မြေသာစံမြို့နယ် ၂၆လမ်းနဲ့ ၆၃လမ်းထောင့်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကို လူနှစ်ဦးက ဓါးရှည်တွေနဲ့ ဆိုင်ထဲက ကောင်တာတွေကို ရိုက်ခွဲပြီး အတွင်းရှိ ဖုန်းတွေ၊ ငွေတွေကို ယူဆောင်သွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

 

ဒါ့အပြင် မကြားသေးခင် မေ (၃၁) ရက်ကလည်း မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ် ၈၄လမ်းနဲ့၈၅လမ်းကြား၊ ၃၉လမ်း နဲ့ လမ်း ၄၀ကြားရှိ မန်းမြို့ဈေးအတွင်းက ‘ဆယ်သန်း’ရွှေဆိုင်မှာ ရွှေထည်ပစ္စည်းတန်ဖိုး သိန်းထောင်ချီ ဓားပြတိုက်ခံရမှုဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

 

၂၀၂၃ အောက်တိုဘာလထဲမှာလည်း ဆယ်သန်းရွှေဆိုင်အနီး မန်းမြို့စျေးမှာ ဖွင့်လှစ်ထားတဲ့ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရသလို နိုဝင်ဘာ(၁၇)ရက် မနက်ပိုင်း မန္တလေးမြို့လယ် လမ်း(၃၀)နဲ့ (၇၃)လမ်း ဆေးတက္ကသိုလ်အနီးက အောင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရပါတယ်။

 

အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မန္တလေးမြို့မှာ လူသတ်လုယက်၊ဓါးပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီအရေးယူနိုင်မှု မရှိသလောက်နည်းပါးတာကို တွေ့ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လမှာတော့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၂၂)လမ်းက စစ်ကောင်စီ လက်အောက်ခံ မြို့နယ်တရားသူကြီးပိုင် ရွှေပန်းတိမ်ကို ပုသိမ်ကြီးမြို့မရဲစခန်း နယ်ထိန်းရဲဦးဆောင်တဲ့ အဖွဲ့က ရဲယူနီဖောင်းတွေနဲ့ ဓားပြတိုက်ခဲ့ရာ စစ်ကောင်စီက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလို ဓါးပြတိုက်မှုဖြစ်စဉ်တွေဖြစ်ပွားပြီးနောက် ဖြစ်စဉ်အနီးဝန်ကျင်နေရာတွေ၊ မြို့ပေါ်ရပ်ကွက် တွေနဲ့ မြို့အဝင်အထွက်နေရာတွေကို စစ်ကောင်စီက စစ်ဆေးရှာဖွေမှုတွေလုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက်