မြန်မာကို လာနေတဲ့ စက်သုံးဆီသင်္ဘော အရေအတွက်နဲ့ပတ်သက်ပြီး ဇော်မင်းထွန်း ပြောဆိုချက်နဲ့ စွမ်းအင်ဝန်ကြီးဌာန ထုတ်ပြန်ချက် ကွဲလွဲနေ

Author CJ Platform
Categories
Published on Mar 05, 2026

မြန်မာနိုင်ငံတွင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပေါ်မှာကို မစိုးရိမ်ကြဖို့ စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီး ဝယ်ယူထားတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်း လမ်းခရီးမှာ ရှိနေသလို ရက်ပိုင်းအတွင်း ရောက်ဖို့ရှိတယ်လို့ မနေ့က မတ် ၄ ရက်မှာ စစ်ကော်မရှင်ဝါဒဖြန့် သတင်းဌာနတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

 

ဒါပေမယ့် စစ်ကော်မရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စက်သုံးဆီသင်္ဘော ၆ စင်းသာ လမ်းခရီးမှာရှိနေပြီး ကျန် ၈ စင်းဟာ ဆီတင်ဖို့ စောင့်ဆိုင်းနေရဆဲ အခြေအနေသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

လက်ရှိ ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်သင်္ဘော ၂ စင်း ရှိနေပြီး ရက် ၄၀ စာအထိ စက်သုံးဆီ ဖူလုံမှုရှိသေးတာကြောင့် ဘာအခက်အခဲမှမရှိဘူးလို့ ဇော်မင်းထွန်းက ထပ်မံပြောဆိုထားပါတယ်။

 

စက်သုံးဆီကို စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကနေ ဝယ်ယူနေတာဖြစ်ပြီး ဆီပြတ်လပ်မှာကို စိုးရိမ်စရာမရှိဘူးလို့ ပြောဆိုထားပေမယ့် ထိုင်းနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းက စက်သုံးဆီဆိုင်အများစုဟာ စက်သုံးဆီ လက်ကျန်မရှိတာကြောင့် ပိတ်ထားရမှုတွေ ရှိနေပါတယ်။

 

ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီဈေးနှုန်းတွေဟာ ကမ္ဘာ့ဈေးနှုန်းနဲ့အညီ ဖြစ်လာနိုင်ပြီး စွမ်းအင်ဝန်ကြီးဌာနက မကြာခင် ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ဇော်မင်းထွန်းက ပြောဆိုထားတာကြောင့် လက်ရှိရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းထက် ထပ်မံမြင့်တက်လာဖို့ အခြေအနေလည်း ရှိနေပါတယ်။

 

စက်သုံးဆီကို ခြွေတာဖို့ဆိုပြီး မော်တော်ယာဉ်တွေကို သတ်မှတ်ထားတဲ့ နေ့ရက်အလိုက် မောင်းနှင်ဖို့ စစ်ကော်မရှင်က ထုတ်ပြန်ထားသလို လာမယ့် မတ် ၇ ရက်ကစတင်ပြီး ခွင့်ပြုထားတဲ့ မော်တော်ယာဉ်တွေကလွဲပြီး အိမ်စီးကား မော်တော်ယာဉ်တွေအနေနဲ့ မော်တော်ယာဉ်နံပါတ်အလိုက် စုံ/မ ခွဲကာ နေ့ရက်အလိုက် မောင်းနှင်ဖို့ကိုလည်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါသေးတယ်။

 

ဓာတ်ပုံ – Pro-SAC