တော်လှန်ရေးကာလအတွင်း NUG အပါအဝင်မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမယ်လို့ TNLA ပြော စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ လူထုလိုလားတဲ့ ရွေးကောက်ပွဲလည်းမဟုတ်ဘူးလို့ဆို

Author CJ Platform
Categories
Published on May 05, 2025

နွေဦးတော်လှန်ရေးကာလအတွင်း NUG အပါအဝင် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ် လို့ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်လ က ပြောဆိုခဲ့သလို စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလည်း လူထုလိုလားတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ CJ Platform မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

တော်လှန်ရေးကာလအတွင်း TNLA အနေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကို နည်းနာပေါင်းစုံနဲ့ ပူးပေါင်းပါဝင်တာရှိသလို ရှေ့လာမယ့် ကာလတွေမှာလည်းဆက်လက် ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ NUG ပေါ့နော် ကျွန်တော်တို့အနေနဲ့ အကုန်လုံးပေါ့နော်၊ နိုင်ငံကို ပြန်လည်ပြီးမှကောင်းမွန်လာအောင် ဦးမော့လာအောင် ထူထောင်တဲ့ ဆောင်ရွက်ကြတဲ့ မိတ်ဆွေတွေနဲ့ အကုန်လုံးချိတ်ဆက်ပြီးတော့ ဆောင်ရွက်ထားတာရှိပါတယ် “ လို့ ဗိုလ်မှူးကြီး တာပန်လ ကသတင်းရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် TNLA ရဲ့အရပ်ဘက်အဖွဲ့အစည်း CSO တွေက အခြားသော အရပ်ဘက်အဖွဲ့အစည်း CSOတွေနဲ့ ပူးပေါင်းဆောာင်ရွက်နေတာမျိုးရှိသလို နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း PSLF/TNLA ကချိတ်ဆက်ပြီးမှဆောင်ရွက်တာမျိုးရှိတယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး CJ Platform အနေနဲ့ မေးမြန်းရာမှာတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လူထုလိုလားတဲ့ရွေးကောက်ပွဲမဟုတ်တာကြောင့် PSLF/TNLA အနေနဲ့ မှတ်ချက်ပေးစရာ မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် PSLF/TNLA တို့အပစ်အခတ် ရပ်စဲဖို့ တရုတ်နိုင်ငံကူမင်းမြို့မှာတွေ့ဆုံဆွေးနွေးတာနဲ့ပတ်သတ်ပြီး TNLA အနေနဲ့ ရောက်ရာနေရာကနေ အပစ်ရပ်ဖို့အပါအဝင် အချက် ၃ ချက်ကို အဓိကထားတောင်းဆိုခဲ့ပြီး စစ်ကောင်စီအနေနဲ့ မြို့ ၅ မြို့ကနေ TNLA တပ်တွေဆုတ်ခွာဖို့ တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့တောင်းဆိုထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ တအာင်းတပ် TNLA ထိန်ချုပ်ထားတဲ့နေရာတွေကိုပြန်ပေးဖို့မရှိသလို TNLA နဲ့အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အသံကိုလည်း အလေးထားရမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး တာပန်လက သတင်းရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သိမ်းပိုက်ရရှိထားတဲ့နယ်မြေတွေက ပြည်သူတွေရဲ့ အသံကို အလေးထားမှာဖြစ်သလို သိမ်းပိုက်ထားတဲ့ မြို့တွေကိုလည်း ပြန်ပေးဖို့ လတ်တလောမရှိသေးဘူးလို့ သိရပါတယ်။