မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည် ကမ္ဘာနဲ့ယှဉ်ပါက အလယ်အလတ်အဆင့် အောက်အနီး ရှိနေလို့ စစ်ခေါင်းဆောင်ဆို

Author ကိုထားဝယ်
Categories
Published on Jul 04, 2024

မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည် ကမ္ဘာအမျိုးသမီးများနဲ့ယှဉ်ပါက အလယ်အလတ်အဆင့် အောက်အနီးမှာရှိနေတယ်လို့ နိုင်ငံတဝန်း အမျိုးသမီးများအပေါ် သတ်ဖြတ်အဓမ္မကျင့်မှု အများအပြားကျူးလွန်နေတဲ့စစ်သားတွေရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

 

၎င်းရဲ့ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်ကျင်းပတဲ့ မနေ့ ဇူလိုင် ၃ ရက်က မြန်မာအမျိုးသမီးများနေ့အခမ်းအနားကိုပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းထဲ စစ်ခေါင်းဆောင်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

၎င်းဟာ ၂၀၂၃ ခုနှစ် UN Women နဲ့ UNDP တို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ “ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများစွမ်းဆောင်နိုင်မှုနဲ့ ကျား၊ မ တန်းတူညီမျှရေး လေ့လာဆန်းစစ်ချက်အစီရင်ခံစာ” ကို ကိုင်စွဲပြောကြားသွားတာဖြစ်ပါတယ်။

 

အဲဒီအစီရင်ခံစာထဲ အမျိုးသမီးများစွမ်းဆောင်ရည် ညွှန်းကိန်းကို ဝ ဒသမ ၈ အထက်ကအမြင့်ဆုံး၊ ဝ ဒသမ ၆ အထက်က အလယ်အလတ်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

“မြန်မာအမျိုးသမီးများ စွမ်းဆောင်နိုင်မှုညွှန်းကိန်းမှာ ဝ ဒသမ ၅၁၈၊ ကျား၊ မရေးရာညွှန်းကိန်းမှာ ဝ ဒသမ ၅၉၈ တို့ဖြစ်တဲ့အတွက် အလယ်အလတ်အဆင့်ရဲ့ အောက်နားမှာ ရှိနေပါတယ်” လို့ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

 

ဒါ့အပြင် လူသားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းအနေနဲ့ ဝ ဒသမ ၅၅၀ နဲ့ ဝ ဒသမ ၆၉၉ ကြား ရှိတဲ့အတွက် အလယ်အလတ်အဆင့်မှာရှိကြောင်း တွေ့ရတယ်လို့ ၎င်းက ပြောပါတယ်။

 

“ဒါ့ကြောင့် အမျိုးသမီးတွေကို ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး ကျား၊ မ တန်းတူရည်တူပါဝင်နိုင်မှု ပိုမိုတိုးတက်မြင့်မားရေးကို အလေးထားပြီး ဆက်လက်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး ဥက္ကဋ္ဌက ပြောပါတယ်။

 

တဖန် အမျိုးသမီး အခွင့်အရေးနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို ဥပဒေနဲ့အညီ အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နဲ့ အကြမ်းဖက်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူ နိုင်ရန် တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပြန်ပါတယ်။

 

ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်က စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ၊ ခမရ ၂၀၅ တပ်ရင်းမှ တပ်ဖွဲ့ဝင်များက မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာသူ သားအမိနှစ်ယောက်အနက် သမီးဖြစ်သူကို အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း အဲဒီမှာပါဝင်ခဲ့သူ တပ်သား ကိုကိုအောင်ရဲ့ ထွက်ဆိုချက် ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က မတ်လ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီထဲ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် ငါးဦးက အဓမ္မပြုကျင့်ပြီးနောက် သားအမိနှစ်ဦးလုံးကို သေနတ်ဖြင့် ပစ်ခတ်တဲ့အပြင် ဓားနဲ့လည်း ထိုးသတ်ခဲ့တယ်လို့ အဲဒီတပ်သားက ဝန်ခံပြောကြားခဲ့ပါတယ်။

 

အဲဒီလို မုဒိမ်းကျင့်သူ လေးဦး တိုက်ပွဲထဲ သေဆုံးခဲ့ပြီး ၎င်းပဲ အသက်ရှင်ကျန်ရစ်ခဲ့ပြီးနောက် AA ထံ လက်နက်ချအညံ့ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – MOI

 

Related News

Depend on news