ရခိုင်က ဗျိုင်းဖြူကျေးရွာမှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၇၆ဦးထိရှိလာပြီလို့ AA ပြော

Author လဂွန်းအိမ်
Categories
Published on Jun 04, 2024

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှာ စစ်ကောင်စီက လူထောင်ကျော်ဖမ်းဆီးထားပြီး သတ်ဖြတ်ခဲ့ရာ ၇၆ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ဒီနေ့ ဇွန်လ ၄ ရက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AAက ထုတ်ပြန်လာတာ တွေ့ရပါတယ်။

စစ်ကောင်စီက ဗျိုင်းဖြူတစ်ရွာလုံးကို ကလေးငယ်တွေပါမချန် ဖမ်းဆီးခဲ့တာဖြစ်ပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုအဖြစ် မေလ ၂၈ရက်က လူ ၅၀ကျော် သတ်ဖြတ်ခဲ့တယ်လို့ အာရက္ခတပ်တော် AAက ထုတ်ပြန်လာပြီးနောက် ၂ရက်အကြာမှာ ၇၆ဦးအထိ တိုးလာပြီဖြစ်တယ်လို့ ထပ်မံထုတ်ပြန်လာ ခဲ့တာဖြစ်ပါတယ်။

အရင်ထုတ်ပြန်ထားတဲ့ လူ ၅၀ကျော်စာရင်းမှာ အသက် ၁၅နှစ်ကနေ ၃၅နှစ်အထိ လူငယ်နဲ့လူလတ်ပိုင်း တစ်ဝက်ခန့်ပါဝင်ခဲ့ပြီး အဓမ္မကျင့် အလောင်းဖျောက်ခံရသူ အမျိုးသမီး သုံးဦးအထိရှိတယ်လို့ ထုတ်ပြန် ထားသလို ထပ်တိုးသေဆုံးတဲ့ စာရင်းကိုတော့ ထုတ်ပြန်ထားတာမရှိသေးတာကို တွေ့ရှိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUGကလည်း ဗျိုင်းဖြူကျေးရွာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ပတ်သတ်ပြီး လူသားမျိုးနွယ်မှုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအားလုံးမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ပဲဖြစ်စေ ပါဝင်သူအားလုံးကို တရားဥပဒေရှေ့မှောက်ကို အမြန် ဆုံးပို့ဆောင်ပြီး တရားမျှတမှု ပြန်လည်ရရှိနိုင်ဖို့ ဘယ်အဖွဲ့အစည်းတွေနဲ့မဆို ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလကလည်း ဗျိုင်းဖြူကျေးရွာရှိ ဒေသခံရွာသားတွေ နှိပ်စက်သတ်ဖြတ်ခံခဲ့ရ တာကို စိတ်မကောင်းစွာ ထပ်မံမြင်တွေ့ရတဲ့အပေါ် ကျွန်တော်တို အားလုံးဟာ ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေကို လူသားဆန်စွာနဲ့ စစ်ရေးကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုးလုပ်ဆောင် နေတာဖြစ်ပေမယ့်လည်း စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆိုတာကို စာရင်းထဲမှာတောင် ထည့် မထားဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရေး ကိစ္စရပ်တွေဟာ လက်ရှိ တည်ဆဲအခြေအနေထက် ပိုပြီးလက်တွေ့ကျကျ ဖြစ်စေဖို့လည်း ကျွန်တော်တို့က အလေးအနက်ထားတိုက်တွန်းဖို့လိုတယ်လို့ ဒီနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာခံရသူတွေဟာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်ကနေ ၂၀၂၄ခုနစ် မေလ ၁၅ရက်အထိ နှစ်နှစ်ကျော်အတွင်းမှာ ကောက်ယူထားတဲ့ အချက်အလက်တွေအရ လူငါးဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ ၁၄၄၆ဦးထိ ရှိနေတယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ BNI – Myanmar Peace Monitor အဖွဲ့က မေလ ၂၇ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အဲဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်ဘူးလို့လဲ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

 

နှစ်နှစ်ကျော်ကာလ နိုင်ငံတ၀န်းက မြို့နယ်ပေါင်း ၉၄ မြို့နယ်မှာ အဲ့ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ် ခံရတဲ့ဖြစ်စဉ်တွေ တွေ့ရတာဖြစ်ပြီး စစ်ကိုင်းတိုင်းထဲမှာ ၄၈ ခုနဲ့ အများဆုံးဖြစ်ခဲ့သလို ဒုတိယအများ ဆုံးအနေနဲ့ ရခိုင်ပြည်နယ်မှာ ၁၇ ခု ဖြစ်ခဲ့ပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ ၊ လေကြောင်းအပါအ၀င် လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။

 

ဓာတ်ပုံ-AA