ပဏာမမဲရလဒ်တွေအရ မက္ကဆီကို နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာတဲ့ Claudia Sheinbaum

Author အဂ္ဂ
Categories
Published on Jun 04, 2024

မက္ကဆီကိုနိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံး ရွေးကောက်ပွဲဖြစ်တဲ့ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲရဲ့ ပဏာမ မဲရလဒ်တွေအရ မက္ကဆီကိုစီးတီးရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်လည်း ဖြစ်တဲ့ ကလော်ဒီယာ ရှိန်းဘောင်း (Claudia Sheinbaum) ဟာ အနိုင်ရဖို့ အကောင်းဆုံးအခြေအနေမှာ ရှိနေပြီး မက္ကဆီကိုနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံလိုက်ရပြီလို့ နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

မဲရုံတွေက မဲစာရင်းအချက်အလက်တွေကို အခြေခံပြီး အမျိုးသားရွေးကောက်ပွဲဆိုင်ရာ အင်စတီကျု (NEI) ကပြုလုပ်တဲ့ Quick Count လို့ခေါ်တဲ့ တွက်ချက်မှုတစ်ခုမှာ မစ္စစ်ရှိန်းဘောင်းဟာ ဆန္ဒမဲ အရေအတွက် ၅၈ ဒဿမ ၃ ရာခိုင်နှုန်းနဲ့ ၆၀ ဒဿမ ၇ ရာခိုင်နှုန်းကြား ရရှိခဲ့ပြီး အနိုင်ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

 

အသက် (၆၁) နှစ်အရွယ် သူ(မ)နဲ့ လက်ရှိ ရာထူးကနေ ဆင်းပေးရတော့မယ့် လက်ဝဲဝါဒီ မက္ကဆီကို သမ္မတဟောင်း အန်းဒရပ်စ် မန်နျူရယ် လိုပက်ဇ် အော့ဘ်ရာဒေါ် (Andrés Manuel López Obrador) တို့ဟာ မိုရီနာပါတီ (Morena) ထဲမှာ နိုင်ငံရေးမဟာမိတ်တွေအဖြစ် နှစ်ပေါင်းများစွာ အတူလက်တွဲ လုပ်ကိုင်လာကြတဲ့ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးမဟာမိတ်တွေလည်း ဖြစ်ကြပါတယ်။

 

မစ္စစ်ရှိန်းဘောင်းဟာ မက္ကဆီကိုနိုင်ငံရဲ့ ပထမဦးဆုံအမျိုးသမီးအဖြစ် ရွေးချယ်တင်မြောက်ခံရရုံတင်မက နိုင်ငံရဲ့ ပထမဦးဆုံးသော (သူ(မ) ရဲ့ ကိုယ်ရေးကိုယ်တာတွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲပြီး လောကီ လက်ဝဲဝါဒီအဖြစ် အုပ်ချုပ်ဖူးခဲ့ပေမယ့်) ဂျူးခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။

 

မစ္စရှိန်းဘောင်းကတော့ မက္ကဆီကန်လူမျိုးအားလုံးကို ကျောသားရင်သား မခွဲခြားဘဲ အုပ်ချုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“မက္ကဆီကို နိုင်ငံသား အားလုံးက ကျွန်မတို့ရဲ့ စီမံကိန်းကို အပြည့်အဝ သဘောမတူကြပေမယ့်  တရားမျှတပြီး ပိုမိုသာယာဝပြောတဲ့ မက္ကဆီကိုနိုင်ငံကို ဆက်လက် တည်ဆောက်နိုင်ဖို့အတွက် ငြိမ်းချမ်းပြီး သဟဇာတဖြစ်အောင် လျှောက်လှမ်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ သူ(မ)ကို ထောက်ခံသူတွေ ပြည့်နေတဲ့ မက္ကဆီကို စီးတီးက အဓိက ရင်ပြင်ဖြစ်တဲ့ ဇိုကာလို (Zócalo)  ရင်ပြင်မှာ တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့တာပါ။

 

“သမ္မတနိုင်ငံ ဖြစ်လာပြီးတဲ့နောက် နှစ်ပေါင်း (၂၀၀) အတွင်းမှာ မက္ကဆီကို နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့  နိုင်ငံ့သမိုင်းမှာ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာရခြင်းရဲ့ သမိုင်းဝင် အရေးပါမှုကိုလည်း သူ(မ)က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

 

မဲရလဒ်တွေမှာ မစ္စစ်ရှိန်းဘောင်းရဲ့နောက်မှာ ကပ်လိုက်နေသူကတော့ အတိုက်အခံ သမ္မတလောင်းဖြစ်သူ ဇိုချယ်လ် ဂဲလ်ဗက်ဇ် (Xóchitl Gálvez) ဖြစ်ပြီး သူ့ကိုတော့ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ National Action (PAN)၊ Institutional Revolutionary (PRI) နဲ့ Democratic Revolution (PRD) ပါတီတို့က ကျောထောက်နောက်ခံပေးထားတာဖြစ်ပြီး မဲအရေအတွက် ၂၆ ဒဿမ ၆ ရာခိုင်နှုန်းကနေ ၂၈ ဒဿမ ၆ ရာခိုင်နှုန်းဝန်းကျင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

တတိယနေရာမှာတော့ Citizens’ Movement ပါတီက ကိုယ်စာလှယ်လောင်း ဂျော့ချ်အယ်ဗာရက်ဇ် (Jorge Álvarez) က မဲအရေအတွက် ၉ ဒဿမ ၉ ရာခိုင်နှုန်းနဲ့ ၁၀ ဒဿမ ၈ ရာခိုင်နှုန်း ဝန်းကျင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

Quick count ရဲ့ ရေတွက်မှုအရဆိုရင် သမ္မတရွေးကောက်ပွဲကို မဲဆန္ဒရှင် သန်းတစ်ရာနီးပါးရဲ့ ၅၈ ဒဿမ ၉ ရာခိုင်နှုန်းနဲ့ ၆၁ ဒဿမ ၇ ရာခိုင်နှုန်း အကြားရှိတဲ့ လူဦးရေတွေက ဆန္ဒမဲပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

သမ္မတရာထူးက ဆင်းပေးရတော့မယ့်သူလည်းဖြစ်၊ နိုင်ငံရေးမှာ မစ္စစ်ရှိန်းဘောင်းရဲ့ ဆရာလည်း ဖြစ်တဲ့ သမ္မတ အော့ဘ်ရာဒေါ်ကတော့ သူ(မ) ရဲ့ အနိုင်ရမှုကို ချီးကျူးဂုဏ်ပြုစကား ဆိုခဲ့ပါတယ်။

 

“မဲရလဒ် အပြတ်အသတ်နဲ့ကို အနိုင်ရရှိခဲ့တဲ့ Claudia Sheinbaum ကို ချစ်ခင်လေးစားမှုအပြည့်နဲ့ ချီးကျူး ဂုဏ်ပြုပါရစေ၊ သူ(မ) က မက္ကဆီကို နိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး သမ္မတလည်း ဖြစ်သလို ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ မဲအများဆုံးရခဲ့တဲ့ သမ္မတလည်း ဖြစ်မယ်  ထင်ပါတယ်”လို့ လူမှုကွန်ရက် X မှာ တင်ခဲ့တဲ့ ရုပ်သံအတွင်း မစ္စတာ အော့ဘ်ရာဒေါ် ကပြောကြားခဲ့ပါတယ်။

 

မစ္စရှိန်းဘောင်းရဲ့ အနိုင်ရရှိမှုဟာ ကမ္ဘာ့ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်နေရာ၊ ( ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းပုံပြန်လည်ပြင်ပြီး ရေးဆွဲထားခဲ့တဲ့) မက္ကဆီကို သမ္မတ ရာထူးလိုနေရာမျိုးမှာ ကျားမတန်းတူညီမျှမှု ရှိနေတာကို မြင်တွေ့နိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ထူးခြားပြောင်မြောက်တဲ့ အခိုက်အတန့်လို့လည်း ဆိုနိုင်ပါတယ်။ ဒါဟာ အချို့နိုင်ငံတွေရဲ့ လွှတ်တော်တွေမှာ အမျိုးသမီးကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရဖို့တောင်းဆိုနေရဆဲ အခြေအနေထက်ကို အများကြီး သာလွန်နေခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ မက္ကဆီကို နိုင်ငံဟာ အမျိုးသမီးတွေအတွက် အန္တရာယ်များတဲ့ နိုင်ငံတစ်ခု အဖြစ်ရှိနေဆဲဖြစ်ပြီး နေ့စဉ် အမျိုးသမီး (၁၀) ဦးဝန်းကျင် သတ်ဖြတ်ခံနေရတာကြောင့် အမျိုးသမီးတွေ သတ်ဖြတ်ခံရမှုနှုန်း အမြင့်ဆုံး နိုင်ငံစာရင်းထဲမှာလည်း ပါနေဆဲဖြစ်ပါတယ်။

 

မစ္စရှိန်းဘောင်းဟာ မက္ကဆီကိုနိုင်ငံရဲ့ အရေးအပါဆုံးမြို့ဖြစ်တဲ့ မက္ကဆီကိုစီးတီးမြို့ရဲ့ အစိုးရအဖွဲ့ အကြီးအကဲ (ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ရာထူးအဆင့်တူ)အဖြစ် ငါးနှစ်ကြာ (၂၀၁၈- ၂၀၂၃ အထိ) တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ဇွန်လကမှ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုပြီး ရာထူးကနှုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒါ့အပြင် သူ(မ)ဟာ နိုဘယ်လ်ဆု ဆွတ်ခူးထားနိုင်ခဲ့တဲ့ ရာသီဥတုပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေဆဲဖြစ်တဲ့ Intergovernmental Panel on Climate Change  (IPCC) အဖွဲ့မှာ အစီရင်ခံစာတွေကို ပူးတွဲရေးသားနေသူလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ သူ(မ)က ဂျီးဆပ်မာရီယာ တာရီလာ အန်ဂါ (Jesús María Tarriba Unger) နဲ့ လက်ထပ်ထားပါတယ်။

 

မက္ကဆီကိုက ဆင်းရဲနွမ်းပါးတဲ့ အခြေခံလူတန်းစားတွေအပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေခဲ့ပြီး Morena ပါတီရဲ့ ဂုဏ်သတင်းတွေကိုပါ မြှင့်တင်ပေးနိုင်ခဲ့တဲ့ (သမ္မတ မစ္စတာအော့ဘ်ရာဒေါ် ချန်ထားခဲ့မယ့်) လူမှုဖူလုံရေးအစီအစဉ်တွေကို ဆက်ပြီးလုပ်ဆောင်မယ့် သူလို့လည်း သူ(မ)ကို လူတွေက ရှုမြင်ထားပါတယ်။

 

မက္ကဆီကိုနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတွေဟာ သက်တမ်းတစ်ကြိမ်သာ ရွေးချယ်တင်မြှောက်ခံခွင့်ရှိပြီး နောက်ထပ်တစ်ကြိမ် ထပ်ပြီး အရွေးခံခွင့် မရှိပါဘူး။

 

မစ္စရှိန်းဘောင်းဟာ သက်ကြီးရွယ်အိုတွေအတွက် ပင်စင်ခံစားခွင့်တွေ၊ ကျောင်းသား ၁၂ သန်းကျော်အတွက် ပညာသင်ဆုထောက်ပံ့တာတွေနဲ့ လယ်မြေအသေးစားပိုင်ရှင်တွေကို မြေဩဇာထောက်ပံ့တာတွေ စတဲ့အချက်တွေပါဝင်တဲ့  အရင်သမ္မတရဲ့ မူဝါဒကို ဆက်ပြီးကျင့်သုံးမယ်လို့ ကတိပြုခဲ့ပေမယ့် ယခင်သမ္မတဖြစ်သူ မစ္စတာ အော့ဘ်ရာဒေါ်နဲ့ သူ(မ) အကြား နိုင်ငံရေးမှာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြချက်တွေကိုတော့ ငြင်းဆိုသွားခဲ့ပါတယ်။

 

သူ(မ)ရဲ့ အရင်ရာထူးဖြစ်တဲ့ မက္ကဆီကို စီးတီးရဲ့ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ နေရာကိုတော့ Morena ပါတီက အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကရာလာ မာရီနာ ဘရူဂါဒါ မိုလီနာ  (Clara Marina Brugada Molina) က ဆက်ခံသွားမှာပဲဖြစ်ပါတယ်။ Quick Count ရဲ့ အချက်အလက်တွေအရ  မစ္စစ် ကလာရာ မာရီနာ ဟာ မက္ကဆီကိုစီးတီး အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ နေရာရွေးကောက်ပွဲမှာ မဲအရေအတွက် ၄၉ ရာခိုင်နှုန်းနဲ့ ၅၂ ဒဿမ ၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး အတိုက်အခံဖြစ်သူ ဆန်တီယေဂို တာဘိုအာဒါ (Santiago Taboada) ကတော့ ၃၇ ဒဿမ ၂ ရာခိုင်နှုန်းနဲ့ ၄၀ ဒဿမ ၅ ရာခိုင်နှုန်းဝန်းကျင်သာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပြုလုပ်ခဲ့တဲ့ မက္ကဆီကိုနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံသမိုင်းတလျှောက် အကြီးမားဆုံး ရွေးကောက်ပွဲဖြစ်ပြီး မဲဆန္ဒရှင် ၉၈ သန်းကျော်က မဲပေးဖို့အတွက် မှတ်ပုံတင်ခဲ့ကြသလို မက္ကဆီကို နိုင်ငံသား ၁ ဒဿမ ၄ သန်းကလည်း ပြည်ပမှာ မဲပေးခွင့်ရခဲ့ကြပါတယ်။

 

သမ္မတရာထူးအပြင် လွှတ်တော်အမတ်၊ မြို့တော်ဝန်နဲ့ အုပ်ချုပ်ရေးမှူးနေရာ စတဲ့ ရာထူးနေရာ (၂၀,၀၀၀) ကျော်အတွက် ကိုယ်စားလှယ်လောင်း (၇၀,၀၀၀) ကျော်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ ရွေးကောက်ပွဲဟာ ကြီးမားတဲ့အကြမ်းဖက်မှုတွေလည်း ကြုံတွေ့ခဲ့ကြတယ်လို့ သိရပါတယ်။ မက္ကဆီကိုနိုင်ငံ အစိုးရရဲ့ ပြောကြားချက်တွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ သတ်ဖြတ်ခံရမှုပေါင်း အကြိမ် (၂၀) ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။ တချို့တွေကတော့ တကယ့်အရေအတွက်ဟာ အဲ့ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မက္ကဆီကိုနိုင်ငံက ခိုင်မာတဲ့ အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Integralia ရဲ့အဆိုအရ မဲပေးခံရဖို့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း (၃၄) ယောက် ရှိတယ်လို့ သိရပါတယ်။

 

တနင်္ဂနွေနေ့တုန်းက မက္ကဆီကို နိုင်ငံအရှေ့တောင်ပိုင်းက ကိုရိုမီအာပန် (Coyomeapan) မြို့မှာဆိုရင် မဲရုံမှာ အကြမ်းဖက်မှုတွေ ရှိခဲ့တဲ့အတွက် မဲပေးမှုကို နာရီအတော်ကြာရပ်နားထားခဲ့ရတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

 

မက္ကဆီကိုနိုင်ငံရဲ့ လူသတ်မှုနှုန်းဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ကျဆင်းသွားတယ်လို့ ဆိုကြပေမယ့် ကိန်းဂဏန်းအချက်အလက်တွေအရ နှစ်စဉ်လူသတ်မှုနှုန်းဟာ နိုင်ငံသမိုင်းမှာ စံချိန်တင်ဖြစ်တဲ့ တစ်နှစ်အတွင်း လူသတ်မှုပေါင်း (၃၀,၀၀၀) ဝန်းကျင်နားမှာပဲ တဝဲလည်လည်ဖြစ်နေဆဲပါပဲ။  ကျွမ်းကျင်သူတွေကတော့ တကယ့်အရေအတွက် အစစ်အမှန်ဟာ အခုထက် ပိုများနိုင်တယ်လို့ ဆိုကြပါတယ်။

 

မူးယစ်ဂိုဏ်းတွေဟာ သူတို့တွေရဲ့ အာဏာစက်ကို မက္ကဆီကို နိုင်ငံတဝှမ်း ဖြန့်ကျက်ထားနိုင်တာကြောင့် အကြမ်းဖက်သတ်ဖြတ်မှုတွေဟာ မဲဆန္ဒရှင်တွေအတွက်ကတော့ အထူးစိုးရိမ်ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာ မစ္စရှိန်းဘောင်းဟာ သူ(မ)လုပ်ကိုင်ဆောင်ရွက်မယ့် လုံခြုံရေး စီမံချက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ ခက်ခဲနေသော်ငြား မက္ကဆီကိုစီးတီးမြို့ပေါ်ဝန်အဖြစ် တာဝန်ယူခဲ့စဉ်က (သူ့အဖွဲ့ဝင်တွေရဲ့ အဆိုအရ) ရဲတပ်ဖွဲ့တွေရဲ့ လုပ်ငန်းခွင်တွင်း အခြေအနေနဲ့ ထောက်လှမ်းရေးတွေရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တက်လာအောင် စွမ်းဆောင်ပေးခဲ့တယ်ဆိုတဲ့ အချက်ကို ကိုးကားပြီး ပြောခဲ့ပါတယ်။

 

“သူ(မ)အတွက် အကြီးမားဆုံးစိန်ခေါ်မှုကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုရဲ့ ၉၅ ရာခိုင်နှုန်းကို မဖြေရှင်းနိုင်ခဲ့တာကြောင့် မက္ကဆီကိုမှာထွန်းကားနေတဲ့ ပြစ်ဒဏ်ခတ်မခံရခြင်းဆိုတဲ့ ယဉ်ကျေးမှုကြီး ပပျောက်သွားအောင် ကိုင်တွယ်ဖြေရှင်းပြီး မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုကို ရအောင်ယူနိုင်ဖို့ ဖြစ်တယ်” လို့ အကြံပေးပါရဂူအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Mexico Evalua ကဆိုပါတယ်။

 

ရွေးကောက်ပွဲ မဲရလဒ်တွေ ထွက်ပေါ်လာပြီးပြီဆိုရင် တရားစီရင်ရေး မဏ္ဍိုင်အဖွဲ့ချုပ် ရွေးကောက်ပွဲခုံရုံး (TEPJF) က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စဝိစ္စတွေကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးမှာဖြစ်ပြီး စက်တင်ဘာလ ၆ ရက်ထက် နောက်မကျစေဘဲ သမ္မတရွေးကောက်ပွဲကို အသိအမှတ်ပြုမပြု ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။ အကယ်၍ တရားရုံးက ရွေးကောက်ပွဲကို အတည်ပြုလိုက်ပြီဆိုရင် မစ္စရှိန်းဘောင်းက အောက်တိုဘာလ (၁) ရက်နေ့ကစပြီး သမ္မတရာထူးကို လက်ခံနိုင်မှာပဲဖြစ်ပါတယ်။ သမ္မတ သက်တမ်းကတော့ ၂၀၂၄ ခုနှစ်ကနေ ၂၀၃၀ အထိ ခြောက်နှစ် သက်တမ်းဖြစ်ပါတယ်။

 

 

ဓာတ်ပုံ- Raquel Cunha/Reuters

 

ပုံစာ – ဇွန်လ ၃ ရက်နေ့၌ မက္ကဆီကို စီးတီးတွင် ထောက်ခံသူများကို မိန့်ခွန်း ပြောနေသည့်  မစ္စစ်ရှိန်းဘောင်းကို တွေ့ရစဉ်

 

ကိုးကား – CNN