MNDAA သိမ်းယူထားတဲ့ လားရှိုးမြို့မှာ နွေဦးအားကစားပွဲတော်ကျင်းပမယ်
ကိုးကန့်တပ်(MNDAA) သိမ်းယူထားတဲ့ လားရှိုးမြို့မှာ နွေဦးအားကစားပွဲတော် ကျင်းပရေးအတွက် မြို့အုပ်ချုပ်သူတွေက ဒီကနေ့ ဖေဖေါ်ဝါရီ ၄ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
နွေဦးအားကစားပွဲတော်ကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စတင်ပြုလုပ်သွားဖို့ရှိပြီး ရိုးရာအားကစားနည်းတွေနဲ့ မာရသွန်ပြေးပွဲ၊ သုံးချောင်းထောက်၊ အပ်ချည်ထိုး၊ အိတ်စွပ်ပြေး၊ အာလူးကောက်၊ မုန့်စားပြိုင်ပွဲ၊ ဆန်ကောရွက်၊ သံပုံးရိုက်၊ ခေါင်းအုံးရိုက်၊ တာယာကွင်း ဘေလုံးကန် ကစားနည်းတွေများစွာကို ထည့်သွင်းထားပြီးတော့ ဆုကြေးငွေတွေကိုလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ လားရှိုးမြို့ ပြည်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
“အခုလည်း နှစ်သစ်ကူးပွဲတော်ကို ကျင်းပနေတာ တစ်မြို့လုံး ပွဲတော်ကြီးပဲ၊ MNDAA ကအုပ်ချုပ်နေတာ စည်းကမ်းရှိတယ်၊ မီးသတ်တပ်ဖွဲ့တွေရောနဲ့ အစုံပဲ ဆိုင်ကယ်ပျောက် လူပျောက်တာ အခိုးခံရတယ်ဆိုတာလည်း မရှိဘူး”လို့ လားရှိုးမြို့ခံ အသက် (၄၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိ မြို့ကို MNDAA တပ်ဖွဲ့ဝင်တွေက အုပ်ချုပ်နေပြီး အုပ်ချုပ်ရေး ယန္တရားပါ ကောင်းစွာလည်ပတ်နေပြီလို့ သိရပါတယ်။
ဓာတ်ပုံ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး