ရန်ကုန်က စက်မှုဇုန်တွေကို တစ်ရက် လေးနာရီပဲ စစ်ကောင်စီ မီးပေးတော့မယ်
ကုန်ပစ္စည်းပိုထုတ်ဖို့ စစ်ခေါင်းဆောင်ပြောနေပေမဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တွေကို နိုဝင်ဘာလ ၁ ရက်ကစပြီး တစ်ရက်ကို လေးနာရီပဲ လျှပ်စစ်မီးပေးတော့မယ်လို့ စက်မှုဇုန်တွေဆီ မီးပေးနေတဲ့ ဓာတ်အားခွဲရုံဝန်ထမ်းတွေဆီကနေ သိရပါတယ်။
ရရှိတဲ့ဓာတ်အားစနစ်အရ ဝန်အားမနိုင်နင်းမှုတွေကြောင့် ဓာတ်အားပြတ်တောက်မှု အချိန်ကြာကြာဖြစ်ပေါ်မှာ စိုးရိမ်တာကြောင့် အခုလိုလုပ်တာဖြစ်တယ်လို့ လှိုင်သာယာမြို့နယ်က ဓာတ်အားခွဲရုံတစ်ခုရဲ့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
မနက်ဖြန် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိနဲ့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးရမယ့်အကြောင်း အထက်လူကြီးတွေက ပြောလာတယ်လို့ သူက ပြောပါတယ်။ ဒါဟာ လူနေရပ်ကွက်တွေကို အလှည့်ကျမီးပေးတဲ့ပုံစံပဲ ဖြစ်ပါတယ်။
လက်ရှိ ရန်ကုန်တိုင်းထဲက စက်မှုဇုန်တွေကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ၈ နာရီကြာ လျှပ်စစ်မီးပေးထားတာပါ။
“မိုးများနေတဲ့လတွေပဲ တစ်နေ့ကို ၈ နာရီတောက်လျှောက်ရတယ်။ မိုးနည်းလာပြီး ပူလာပြီဆို မီးပေးတဲ့အချိန်က ပြောင်းလဲပြီလေ။ အခုမှတော့ မဟုတ်ပါဘူး။ ရေတွေကြီးတဲ့လတွေက မိုးများတော့ မီးကမှန်နေတာ။ အခုမှ တစ်နေ့လုံးနေမှ လေးနာရီပဲပေးမယ်လို့ အကြောင်းကြားလာတယ်” လို့ လှိုင်သာယာစက်မှုဇုန် အထည်ချုပ်စက်ရုံတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
စက်ရုံတွေမှာ လျှပ်စစ်မီးပြတ်တောက်ချိန်တွေကို မီးစက်နဲ့ လည်ပတ်နေကြရပြီး စက်သုံးဆီဝယ်ယူရတာလည်း အခက်အခဲတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ရန်ကုန်မြို့က လူနေရပ်ကွက်တွေကိုလည်း လျှပ်စစ်မီးကို လေးနာရီပေး၊ လေးနာရီဖြတ်စနစ်နဲ့ ပေးနေတယ်ဆိုပေမဲ့ ပျက်ချိန်များနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်