လက်ရှိချန်ပီယံ အီတလီ ၁၆ သင်းအဆင့်က လှည့်ပြန်ခဲ့ရပြီး အိမ်ရှင်ဂျာမနီ ကွာတားဖိုင်နယ်တက် အနိုင်ရအသင်းတွေ ဘယ်အသင်းတွေနဲ့ တွေ့မှာလဲ?

Author မောင်ရှမ်း
Categories
Published on Jun 30, 2024

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာတော့ လက်ရှိချန်ပီယံအီတလီက ဆွစ်ဇာလန်ကို ၂ ဂိုးပြတ်နဲ့ အရေးနိ့မ်ကာ ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရသလို နောက်ထပ်တစ်ပွဲမှာတော့ အိမ်ရှင်ဂျာမနီက ဒိန်းမတ်ကို ၂ ဂိုးပြတ်နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

 

ဆွစ်ဇာလန် ၂ – ၀ အီတလီ

ဆွစ်ဇာလန်အသင်းဟာ ပွဲစကတည်းက တိုက်စစ်ဆင်ကစားနေခဲ့ပြီး အီတလီအနေနဲ့ ကစားကွက်တည်ဆောက်နိုင်ဖို့တောင် ခက်ခဲနေခဲ့ပါတယ်။ ဆွစ်ဇာလန်ဟာ ပထမပိုင်း ၃၇ မိနစ်အရောက်မှာ ဖရီအူလာရဲ့သွင်းဂိုးကြောင့် ဦးဆောင်ခွင့်ရသွားခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်အထိ ရှိခဲ့တာပါ။ဆွစ်ဇာလန်ဟာ ပွဲကို စိတ်တိုင်းကျ ချယ်လှယ်သွားခဲ့ပြီး ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်းအားနည်းမှုနဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာ လက်စွမ်းပြခဲ့တာကြောင့် ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။

 

ဒုတိယပိုင်းအစ စက္ကန့် ၂၀ ကျော်မှာပဲ ဆွစ်ဇာလန်တို့ ဒုတိယဂိုးရရှိသွားခဲ့ပြီး ဗာဂတ်စ်က ဂိုးဧရိယာထိပ်ကနေ လှလှပပကန်သွင်းယူသွားခဲ့တာပါ။ ၂ ဂိုးပေးလိုက်ရတဲ့ အီတလီဟာ တိုက်စစ်မြှင့်ခဲ့သလို လူစားလဲမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ဆွစ်ရဲ့ကစားအားကို ကျော်နိုင်ခဲ့ခြင်းမရှိဘဲ ၁၆ သင်းရှုံးထွက်အဆင့်ကနေ လက်ပြနူတ်ဆက်ခဲ့ရပါတယ်။ ဒါဟာ နောက်ဆုံးပြိုင်ပွဲ ၃ ကြိမ်ဆက်တိုက်မှာ လက်ရှိချန်ပီယံအသင်းတွေ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာလည်းဖြစ်ပါတယ်။ ဆွစ်ဇာလန်အတွက်တော့ ယူရို ၂၀၂၀ ပြိုင်ပွဲတုန်းက ၁၆ သင်းအဆင့်မှာ ပြင်သစ်ကို ကျော်ဖြတ်ပြခဲ့သလို ဒီတစ်ကြိမ်မှာလည်း အီတလီကို အနိုင်ယူပြခဲ့ပါတယ်။ ဆွစ်ဇာလန်ဟာ ကွာတားဖိုင်နယ်အဆင့်မှာတော့ အင်္ဂလန်နဲ့ ဆလိုဗက်ကီးယားတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဂျာမနီ ၂ – ၀ ဒိန်းမတ်

အိမ်ရှင် ဂျာမနီကတော့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အသုံးပြုခဲ့တဲ့လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ခဲ့ပြီး ကွင်းလယ်မှာ တိုနီခရူးစ်၊ အန်းဒရစ်ချ်၊ ဂန်ဒိုဂမ်၊ ဘယ်ခြမ်းမှာ မူစီယာလာနဲ့ ညာခြမ်းမှာ လီရွိုင်းဆာနေးကို ကစားခွင့်ပေးကာ အထောင်တိုက်စစ်ကတော့ ကိုင်ဟာဗက်ဇ်ပါပဲ။ ဒိန်းမတ်ကတော့ သူတို့ရဲ့အမာခံ လူစာရင်းနဲ့ အိမ်ရှင်ကို ရင်ဆိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလှတာနဲ့အမျှ ဂျာမနီရဲ့ စိုးမိုးမှုကို ခံခဲ့ရပါတယ်။ အပြန်အလှန်တိုက်စစ်ဆင်ကစားမှုတွေနဲ့ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်နဲ့ ဂျာမနီဂိုးသမား နူအာဟာ လက်စွမ်းမပြခဲ့ရင် နှစ်သင်းပေါင်း ၄ ဂိုးထက်မနည်း မြင်ရနိုင်တဲ့ပွဲမျိုးလည်းဖြစ်ပါတယ်။

 

ဂျာမနီအတွက်အဖွင့်ဂိုးကိုတော့ ဒိန်းမတ်ကစားသမား ဂိုးဧရိယာထဲမှာ လက်နဲ့ထိခဲ့တာကြောင့် ရရှိလာတဲ့ပင်နယ်တီကို ဟာဗက်ဇ်က အပိုင်ကန်သွင်းကာ ဦးဆောင်နိုင်ခဲ့တာပါ။ ဦးဆောင်ဂိုးရပြီး နောက်ထပ် ၁၅ မိနစ်အကြာမှာတော့ ရှလော့တာဘက်ခ်ရဲ့ ခံစစ်ဇုန်ထဲကနေ တိုက်ရိုက်ကန်တင်ပေးတဲ့ဘောလုံးကို မူစီယာလာက ချိန်သားကိုက်ပြေးထွက်ကာ သွင်းယူသွားနိုင်ခဲ့တာပါ။ ထူးခြားချက်ကတော့ ရာသီဥတုဆိုးရွားခဲ့လို့ ဒီပွဲမှာ ပွဲကို ၂၅ မိနစ်လောက်အထိ ရပ်နားထားခဲ့ရတာပါပဲ။ အဆုံးသတ်မှာတော့ အိမ်ရှင်ဂျာမနီဟာ အမှားအယွင်းမရှိဘဲ နောက်တစ်ဆင့်တက်သွားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာတော့ စပိန် နဲ့ ဂျော်ဂျီယာပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

 

 

ဓာတ်ပုံ – UEFA Euro 2024

 

Related News

Depend on news