တွေ့ဆုံဆွေးနွေးရေး အမြဲတံခါးဖွင့်ထားသလို ငြိမ်းချမ်းရေးအတွက် ကြိုးစားဆက်လုပ်မယ်လို့ မင်းအောင်လှိုင်ပြော

Author လဂွန်းအိမ်
Categories
Published on Dec 30, 2024

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ အလေးထားဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုပေးပို့တဲ့ သဝဏ်လွှာထဲ ထည့်သွင်းပြောဆိုပါတယ်။

 

တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနဲ့ တစ်ဦးအကြား နားလည်မှုလွဲမှားခြင်းနဲ့ ပဋိပက္ခများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးဖြေရှင်းကြမယ်လို့လည်း သူက ဆိုထားပါတယ်။

 

“တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားပါတယ်။ ရှေ့ဆက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ရခိုင်ပြည်မှာ မြို့ သုံးမြို့သာ ထိန်းချုပ်နိုင်တော့တဲ့ စစ်ခေါင်းဆောင်က ပြောပါ‌သေးတယ်။

 

ဒါ့အပြင် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ဆွေးနွေးချက် သဘောထားမှတ်ချက်တွေကို နောင်လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာ  ဆွေးနွေးအတည်ပြုဖို့ မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း သူက ထပ်ပြောပါတယ်။

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများရဲ့ လူမှုဘဝမြင့်မားရေး၊ နိုင်ငံတစ်ဝန်း အေးချမ်းသာယာ‌ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးဟာ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဆိုပြန်ပါတယ်။

 

တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်က ကရင်တိုင်းရင်းသားတွေ အပါအဝင်တိုင်းရင်းသားပြည်သူ အားလုံး ဝိုင်းဝန်း ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

 

ကရင်ပြည်အပါအဝင် ဒေသအားလုံးမှာ တိုက်ပွဲတွေနဲ့ ဆူပူအကြမ်းဖက်မှုတွေ လျော့နည်းပပျောက်လာဖို့ အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်းတွေ ပိုမိုရရှိနိုင်စေဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆုတောင်းစကားပြောသွားပါတယ်။

 

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် နိုင်ငံတဝန်း မြို့ ၉၄ ခုအထိ လက်လွှတ်ထားရပါတယ်။

 

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့က နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ အသင့်ရှိနေတယ်လို့ ထုတ်ပြန်ချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC