ရှိတ်နာအင်းကာဆင် ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်သစ်ဖြစ်လာ
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ရှိတ်နာအင်းကာဆင်(Sheikh Naim Qassem)ကို ယမန်နေ့ အောက်တိုဘာ ၂၉ ရက်မှာ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သူ့ကို လက်ထောက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ရာထူးတိုးပေးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသားဖော်ပြကြပါတယ်။
ကာဆင်ဟာ ဟစ်ဇ်ဘိုလာအဖွဲ့မှာ နှစ်ပေါင်း ၃၀ ကျော်ကြာ အကြီးတန်းရာထူးတွေမှာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အစ္စရေးတို့ရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ဟားမက်စ်အဖွဲ့ ခေါင်းဆောင်နဲ့ အထွေထွေအတွင်းရေးမှူး ဟက်စ်ဆန်နပ်စရယ်လာ(Hassam Nasrallah)ရဲ့ နေရာကို ဆက်ခံခဲ့သူဖြစ်လာပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ကာဆင်ကို အဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းလိုက်နာတာကြောင့် အခုလိုမျိုး ရွေးကောက်တင်မြှောက်ခဲ့တာဖြစ်တယ်လို့ အဖွဲ့ထုတ်ပြန်ချက်ထဲ ထည့်သွင်းရေးသားခဲ့ပါတယ်။
နပ်စရယ်လာအပါအဝင် ဟစ်ဇ်ဘိုလာ အကြီးတန်းခေါင်းဆောင်တွေ အစ္စရေးတို့ရဲ့ ပြီးခဲ့တဲ့လတွေထဲက စစ်ဆင်ရေးတွေအတွင်း ချေမှုန်းခံခဲ့ရတာကြောင့် အဖွဲ့အတွင်း ခေါင်းဆောင်မှုအများအပြား လျော့နည်းသွားခဲ့ပါတယ်။
နပ်စရယ်လာရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဟာရှမ် ဆာဖီဒင်း(Hashem Safieddine)ဟာ နပ်စရယ်လာရဲ့ နေရာကို ဆက်ခံမယ့်သူအဖြစ် အများကထင်ကြေးပေးခဲ့ကြပေမဲ့ နပ်စရယ်လာ သေဆုံးပြီး သိပ်မကြာခင်မှာပဲ အစ္စရေးတို့ရဲ့ ဘေရွတ်မြို့တိုက်ခိုက်မှုတစ်ခုအတွင်းမှာ သူ့မိသားစုဝင်တွေနဲ့အတူ သေဆုံးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း ဆာဖစ်ဒင်းသေဆုံးမှုကို အောက်တိုဘာ ၂၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
သူသေဆုံးပြီး တစ်ပတ်လောက်အကြာမှာပဲ ဟစ်ဇ်ဘိုလာတွေက ကာဆင်ကို အဖွဲ့ခေါင်းဆောင်အဖြစ် တရားဝင်တင်မြှောက်လိုက်တာဖြစ်ပါတယ်။
အသက် ၇၁ နှစ်အရွယ် ကာဆင်ကို ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ နံပါတ် ၂ ခေါင်းဆောင်အဖြစ် မကြာခဏ ညွှန်းဆိုလေ့ရှိသလို သူဟာ အဖွဲ့တည်ထောင်တဲ့ ၁၉၈၀ ပြည့်နှစ်တုန်းက ဘာသာရေးပညာရှင် တစ်ဦးအနေနဲ့ တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အစွန်းရောက် ရှီးယိုက်နိုင်ငံရေးလှုပ်ရှားမှုမှာလည်း ရှည်လျားတဲ့ဖြတ်သန်းမှုသမိုင်းကြောင်းရှိသူဖြစ်ပါတယ်။
သူဟာ ၂၀၀၆ ခုနှစ်မှာ အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအပြီး ခေါင်းဆောင် နပ်စရယ်လာ လူမြင်ကွင်းက ပျောက်ကွယ်ပုန်းအောင်းသွားပြီးတဲ့နောက်ပိုင်းမှာ ရှေ့ထွက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုတွေ လုပ်ဆောင်လေ့ရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ အကြီးတန်းအရာရှိ တစ်ဦးဖြစ်လာပါတယ်။
သူ့ရှေ့က ခေါင်းဆောင်တွေ အစ္စရေးတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှုခံရပြီးချိန်ကတည်းကလည်း သူဟာ ရုပ်သံမိန့်ခွန်း သုံးကြိမ်အထိ ထွက်ပြောခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို တိုက်ခိုက်ဖို့နဲ့ အနိုင်ယူဖို့အသင့်ရှိနေတယ်လို့ သူက စိန်ခေါ်ပြောဆိုခဲ့ပါသေးတယ်။
ဓာတ်ပုံ – Reuters/ Mohamed Azakir
ပုံစာ – ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ ပြုလုပ်တဲ့ ဘေရွတ်မြို့တောင်ပိုင်းက အောက်မေ့တသခြင်း ဝတ်ပြုဆုတောင်းပွဲကို တက်ရောက်လာတဲ့ ကာဆင် (ပုံဟောင်း)
ကိုးကား – Al Jazeera, Reuters