ဆီးရီးယားမှာ အာမက်အယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလ သမ္မတအဖြစ် ခန့်အပ်

Author CJ Platform
Categories
Published on Jan 30, 2025

ဆီးရီးယားတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အာမက်အယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလ သမ္မတအဖြစ် ခန့်အပ်လိုက်ပြီး ရှိရင်းစွဲ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန (SANA) က ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။

 

အယ်လ်ရှာရာကို အသွင်ကူးပြောင်းရေးကာလအတွင်း ယာယီဥပဒေပြုကောင်စီတစ်ရပ်ကို ဖွဲ့စည်းဖို့ပါ လုပ်ပိုင်ခွင့်ပေးထားပြီး အဲဒီကောင်စီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် ပြဋ္ဌာန်းပြီးတဲ့အထိ တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း ဆက်လက်ဖော်ပြပါတယ်။

 

ဒီကြေညာချက်တွေကို ဆီးရီးယားကို လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ရဲ့ စစ်ဘက်စစ်ဆင်ရေးကဏ္ဍက ပြောရေးဆိုခွင့်ရှိသူ  ထုတ်ပြန်ခဲ့တာဖြစ်လို့ SANA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

နိုင်ငံတွင်းမှာ ရှိတဲ့ လက်နက်ကိုင် အစုအဖွဲ့တွေ အားလုံးကိုလည်း ဖျက်သိမ်းသွားမှာဖြစ်ပြီး အဲဒီ အဖွဲ့တွေကို နိုင်ငံတော်ရဲ့ အဖွဲ့အစည်းတွေထဲမှာ ပေါင်းစပ်ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ အဘ်ဒယ်ဂါနီက ပြောပါတယ်။

 

ဒါ့အပြင် အာဏာရှင်ဟောင်းအာဆဒ်ရဲ့ စစ်တပ်နဲ့လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း ဖျက်သိမ်းမှာဖြစ်ပြီး ဆီးရီးယားနိုင်ငံကို ဆယ်စုနှစ်များစွာကြာတဲ့ထိ အုပ်ချုပ်ခဲ့တဲ့ Baath ပါတီ ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

 

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာရပ်စင်တာဝါရှင်တန်ဒီစီ ရဲ့ အကြီးတန်းသုတေသီ ရတ်ဒ်ဝမ်ဇီယာဒက်ဟ် က ဒီကြေညာချက်တွေဟာ အာဏာကို အရပ်သားလက်ထဲကို လွှဲပြောင်းပေးအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အယ်ရှာရာက ဥပေဒေပြုကောင်စီရဲ့ အဖွဲ့ဝင်တွေကို ခန့်အပ်မှာဖြစ်ပြီး ဒီကောင်စီက လာမယ့် ရက်အနည်းငယ်အတွင်း အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ကြေညာချက်တွေကို ထုတ်ပြန်သွားပါလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။

 

ဒါ့ပြင် “ကျွန်တော်တို့တွေဟာ အာဖရိကနဲ့ လက်တင်အမေရိကတို့မှာလည်း (အလားတူနိုင်ငံရေးအသွ င်ကူးပြောင်းမှုတွေကို) တွေ့မြင်ရပြီးပါပြီ။ ဒီကနေ့ အရေးအကြီးတာကတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ စတင်လိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်။

 

ကျွန်တော်တို့တွေဟာ အာဏာကို လက်နက်ကိုင်အစုအဖွဲ့တွေဆီကနေ  နိုင်ငံရေး လုပ်ငန်းစဉ်ထဲကို လွှဲပြောင်းလိုက်နိုင်ပါပြီ” လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

 

လက်ရှိကြေညာချက်ကို ဒမာစကတ်မြို့မှာ ပြုလုပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆီးရီးယားအာဏာရှင် အာဆဒ်ကို ဖြုတ်ချရေး တိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

 

အာဆဒ်ပြုတ်ကျသွားပြီးနောက်မှာ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ အယ်လ်ရှာရာရဲ့ Hayat Tahrir al-Sham (HTS) အဖွဲ့က အခြားသူတွေနဲ့ ပူးပေါင်းပြီး ဆီးရီးယားကို လက်ရှိအုပ်ချုပ်နေတဲ့ ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက်မှာ အယ်လ်ရှာရာက ယာယီအစိုးရခေါင်းဆောင် ဖြစ်လာတာပါ။

 

အယ်လ်ရှာရာက အမျိုးသားညီလာခံတစ်ရပ်ခေါ်ယူကျင်းပဖို့၊ အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့နဲ့ နောက်ဆုံးမှာ ရွေးကောက်ပွဲကျင်းပဖို့စတဲ့ အချက်တွေ ပါဝင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေ လုပ်ဆောင်မယ်လို့ ကတိပြုပြောဆိုခဲ့ပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကတော့ လေးနှစ်လောက်အထိ အချိန်ယူရနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

 

ဒါ့အပြင် သူက အားလုံးတညီတညွှတ်တည်း ပါဝင်တဲ့ နိုင်ငံ့စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့တွေ ဖွဲ့ကြဖို့ တောင်းဆိုခဲ့ပေမဲ့ ကိုယ်ပိုင်အတွေးအခေါ် အယူအဆတွေ၊ လက်နက်တွေ စွဲကိုင်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ယာယီအစိုးရတစ်ရပ်အနေနဲ့ ဘယ်လိုပေါင်းစည်းမလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – Mosa’ab Elshamy/AP Photo

 

ပုံစာ- အာမက်အယ်လ်ရှာရာကို ဆီးရီးယားနိုင်ငံမြို့တော် ဒမာစကတ်မြို့က သမ္မတနန်းတော်မှာ တွေ့မြင်ရစဉ်

 

ကိုးကား- Al Jazeera