ရန်ကုန်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းကနေ ကျောက်ဖြူနဲ့ စစ်တွေဆီ တပ်ကူ၊ လက်နက်နဲ့ ရိက္ခာတွေပို့

Author အကြင်နာ
Categories
Published on Dec 03, 2024

မရှုမလှရှုံးနေတဲ့ ရခိုင်ပြည်စစ်မြေပြင်ဆီ စစ်ကောင်စီတပ်က ရေလမ်းကြောင်းကနေ တပ်ကူ၊ လက်နက်နဲ့ စားနပ်ရိက္ခာတွေ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့က ပေးပို့လိုက်တယ်လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

 

ယမန်နေ့ ညနေ ၃ နာရီခန့်က ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းကနေ စစ်ကောင်စီရေတပ်က ထောက်ပို့ရေယာဉ် ပြည်တော်အေး(၃) သင်္ဘောထွက်ခွာသွားတယ်လို့ သူက ပြောပါတယ်။

 

“ကျောက်ဖြူ၊ စစ်တွေလို့သိရတယ်။ လက်နက်ပစ္စည်း၊ ဒီဇယ်နဲ့ စားသောက်ကုန်တွေပါသွားတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

 

ဒါ့အပြင် စစ်ကား ခုနစ်စီးခန့်အပါအဝင် ရခိုင်ပြည်ထဲက တပ်မတစ်ခုဖြစ်တဲ့ တပ်မ ၇၇ တံဆိပ်၊ ရကတ တံဆိပ်ပါဝတ်စုံတွေဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းလိုက်ပါသွားတယ်လို့ သူက ပြောပါတယ်။

 

“တချို့က ချိုင်းထောက်တွေနဲ့၊ ဆေးရုံကဆင်းတဲ့သူတွေပြန်ပို့တာလည်းပါတယ်။ တချို့တွေက စစ်မှုထမ်းတွေလို့ထင်ရတယ်” လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။

 

အခု တပ်သား၊ လက်နက်နဲ့ ရိက္ခာထောက်ပံ့ဖို့သွားတဲ့နေရာတွေဟာ တိုက်ပွဲတွေမဖြစ်သေးတဲ့ တရုတ်နိုင်ငံနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းရှိရာ ကျောက်ဖြူမြို့နယ်နဲ့ ရခိုင်ပြည်မြို့တော်စစ်တွေတို့ဆီဖြစ်ပါတယ်။

 

အရင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်လက်အောက်က ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ဦးပိုင်ရဲ့ စီးပွားရေးလက်ခွဲတစ်ခုဖြစ်တဲ့ လန်းပြီပင်လယ်ရေကြောင်းကုမ္ပဏီက ၂၀၁၀ ပြည့်နှစ် ဇူလိုင်လမှာ ကျပ်သန်းပေါင်း ၃၇,၉၀၀ ကျော်နဲ့ ဝယ်ယူခဲ့ပါတယ်။ အဲဒီနောက် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်တဲ့ KT Services and Logistics (KTSL)ကုမ္ပဏီက ဗိုလ်အောင်ကျော်ဆိပ်ကမ်းကို ၂၀၁၆ ခုနှစ်မှာ လန်းပြီဆီကနေ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း(B.O.T)စနစ်နဲ့ နှစ် ၅၀ လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

 

အဲဒီနှစ် အောက်တိုဘာလထဲမှာပဲ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဗြိတိန်အခြေစိုက် ဆိပ်ကမ်းစီမံမှုအတိုင်ပင်ခံလုပ်ငန်း Portia Management Services ကို ၅ နှစ်စာချုပ်နဲ့ စတင်ငှားရမ်းခဲ့ပြီးနောက် နိုဝင်ဘာလထဲမှာ ဆိပ်ကမ်းကို TMT Ports ဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။

 

စစ်ကောင်စီတပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)ဟာ KTSL ဆီကနေ ငှားရမ်းခအဖြစ် တစ်နှစ်ကို အမေရိကန်ဒေါ်လာ သုံးသန်း ရရှိနေပြီး စာချုပ်အရ ၂၀၂၆ ခုနှစ်အထိ အဲဒီပမာဏကို ရရှိနေမှာဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စစ်ကောင်စီက လုံခြုံရေးထပ်တိုးချထားနေပြီး တရုတ်စစ်သားတွေကိုပါ စစ်ကောင်စီတပ် စစ်ဝတ်စုံတွေကို ပြောင်းလဲဝတ်ဆင်စေပြီး လုံခြုံရေးချထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တရုတ်စစ်သားတွေ ရောက်ရှိနေတယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး CJ Platform ကတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

 

ဓာတ်ပုံ – CJ