▪️စစ်ကော်မရှင်က နောက်ထပ်အမေရိကန်ထိပ်တန်းလော်ဘီကုမ္ပဏီ McKeon Group ကို တစ်လ ဒေါ်လာ ၆ သောင်းဖြင့် ငှားရမ်း ▪️McKeon Group တည်သူထောင်သူဟာ အမေရိကန်ကာကွယ်ရေးနဲ့ လုံခြုံရေးအသိုင်းအဝန်းအတွင်း ဩဇာကြီးမားသူ  အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာကော်မတီရဲ့ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်

Author CJ Platform
Categories
Published on Aug 29, 2025

နိုင်ငံတကာမှာ သံတမန်ရေးအရ အထီးကျန်ဖြစ်နေတဲ့ မြန်မာစစ်ကော်မရှင်ဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးဗဟိုချက်ဖြစ်တဲ့ ဝါရှင်တန်ဒီစီမှာ သူတို့ရဲ့ပုံရိပ်ကို မြှင့်တင်ပြီး သြဇာလွှမ်းမိုးနိုင်ဖို့အတွက် သြဇာကြီးမားတဲ့ လော်ဘီ (Lobbying) ကုမ္ပဏီတစ်ခုဖြစ်တဲ့ McKeon Group ကို ငွေကြေးအမြောက်အမြားပေးပြီး တရားဝင် ငှားရမ်းလိုက်ကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနထံ တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေအရ သိရှိရပါတယ်။

 

အမေရိကန်နိုင်ငံခြားအေးဂျင့်များ မှတ်ပုံတင်ခြင်းအက်ဥပဒေ (FARA) အရ ဩဂုတ် ၂၂ က တင်သွင်းခဲ့တဲ့ စာချုပ်စာတမ်းများအရ၊ McKeon Group ဟာ စစ်ကော်မရှင်လက်အောက်ခံ သံရုံး အတွက် တရားဝင် အကျိုးဆောင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

ဒီစာချုပ်ဟာ ဩဂုတ်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်ကနေ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်အထိ ၆ လ ကြာမြင့်မှာဖြစ်ပြီး၊ အကျိုးဆောင်ခအနေနဲ့ McKeon Group က တစ်လကို အမေရိကန်ဒေါ်လာ ၆၀,၀၀၀ (ခြောက်သောင်း) ရရှိမှာ ဖြစ်ပါတယ်။ ၆လ စာအတွက် စစ်ကော်မရှင်က ဒေါ်လာ ၃ သိန်း ၆ သောင်း ပေးချေရမှာဖြစ်ပြီး ၃ လ တစ်ခါ ငွေးပေးသွင်းရမှာဖြစ်တာကြောင့် ပထမဆုံးအနေနဲ့  ဒေါ်လာ ၁ သိန်း ၈ သောင်း ပေးချေထားပါတယ်။

 

စာချုပ်အရ McKeon Group ရဲ့ အဓိကတာဝန်ဟာ “သံရုံးနှင့် အမေရိကန်အစိုးရအကြား သံတမန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး” အတွက် ဖြစ်ပြီး အဓိကပစ်မှတ်ထား လှုပ်ရှားမယ့်နေရာတွေကတော့ “အမေရိကန်ကွန်ဂရက်လွှတ်တော်နှင့် အစိုးရအဖွဲ့-နိုင်ငံခြားရေးဝန်ကြီးဌာန” တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စာချုပ်ကို McKeon Group ဘက်မှ ဥက္ကဋ္ဌဖြစ်သူ Howard McKeon နှင့် မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် သီဟထွန်း ဆိုသူက လက်မှတ်ရေးထိုးထားတာကို တွေ့ရပါတယ်။

 

ဒီလို Lobbying Firm ကြီးတစ်ခုကို ငှားရမ်းလိုက်တဲ့ အချိန်အခါဟာ စစ်ကော်မရှင် က လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပြီး၊ အဆိုပါရွေးကောက်ပွဲကို နိုင်ငံတကာကရော ပြည်တွင်းတော်လှန်ရေးအင်အားစုတွေကပါ “အတုအယောင်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

 

ဒါကြောင့် ဒီငှားရမ်းမှုဟာ အမေရိကန်မူဝါဒချမှတ်သူတွေရဲ့ စစ်ကောင်စီအပေါ်ထားတဲ့ သဘောထားကို ပျော့ပြောင်းလာစေဖို့နဲ့ သူတို့ရဲ့ရွေးကောက်ပွဲကို အသိအမှတ်ပြုမှုရရှိရေးအတွက် နိုင်ငံရေးအရ ထိုးဖောက်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်နိုင်ပါတယ်။

 

McKeon Group  ကုမ္ပဏီကို တည်ထောင်သူ Buck McKeon ဟာ အမေရိကန် အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့ရေးရာကော်မတီရဲ့ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ပြီး အမေရိကန်ကာကွယ်ရေးနဲ့ လုံခြုံရေးအသိုင်းအဝိုင်းမှာ သြဇာကြီးမားသူ ဖြစ်ပါတယ်။ ဒီလို နောက်ခံအင်အားကြီးတဲ့ ကုမ္ပဏီတစ်ခုကို ငှားရမ်းနိုင်ခဲ့တာဟာ စစ်ကော်မရှင်အနေနဲ့ အမေရိကန်ရဲ့ နိုင်ငံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒချမှတ်မှုတွေအပေါ် တိုက်ရိုက်လွှမ်းမိုးနိုင်ဖို့ အလေးအနက်ထား ကြိုးပမ်းနေတယ်ဆိုတာကို ပြသနေပါတယ်။

 

ဒီတရားဝင်စာချုပ်ဟာ စစ်ကော်မရှင် ရဲ့ နိုင်ငံတကာမှာ တရားဝင်မှုရရှိရေး ကြိုးပမ်းမှုတွေဟာ နောက်တစ်ဆင့်ကို တက်လှမ်းလာကြောင်း ပြသနေပါတယ်။ သူတို့ဟာ လက်နက်ကိုင်တိုက်ခိုက်မှုတွေနဲ့ ပြည်သူတွေကို နှိမ်နင်းနေရုံသာမက၊ အမေရိကန်နိုင်ငံရဲ့ ဥပဒေဘောင်အတွင်းကနေ ငွေကြေးအမြောက်အမြားသုံးစွဲပြီး နိုင်ငံရေးတိုက်ပွဲကို ဆင်နွှဲဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

 

စစ်ကော်မရှင်က မကြာခင်ကလည်း အမေရိကန် လော်ဘီကုမ္ပဏီ DCI အုပ်စုကို တစ်နှစ် ဒေါ်လာ ၃ သန်း နဲ့ ၂ နှစ် ငှားရမ်းထားပါတယ်။ စစ်ကော်မရှင်ငှားရမ်းထားတဲ့ McKeon Group နဲ့ DCI Group တို့ဟာ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ်လို့လည်း နာမည်ကြီး Trade Publication (လုပ်ငန်းဆိုင်ရာ သတင်းမီဒီယာ O’Dwyer’s PR က ရေးသားပါတယ်။

 

 

Related News

Depend on news