ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီ တပ်စခန်းအားလုံး သိမ်းပိုက်ရရှိထားပြီး လမ်းပိုင်းကို ထိန်းချုပ်ထား

Author ဆလိုင်း
Categories
Published on Jul 29, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီး လမ်းပိုင်းကို ထိန်းချုပ်ထားနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ် – ထန်တလန် တာဝန်ရှိသူဆီက သိရပါတယ်။

 

ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်း လေးခုထဲက သုံးခုကို ဇူလိုင်လ ၂၂ ရက်နေ့က သိမ်းပိုက်ရရှိပြီး လက်ကျန် တပ်စခန်း တစ်ခုကို ယမန်နေ့ ဇူလိုင်လ ၂၈ ရက်၊ နံနက် ၃နာရီဝန်းကျင်မှာ ထပ်မံ သိမ်းပိုက်ရရှိထားပါတယ်။

အဲ့ဒီ တပ်စခန်းအားလုံး သိမ်းပိုက်ရရှိထားပြီး ဟားခါး – ထန်တလန် ဆက်သွယ်ရေး လမ်းကြောင်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ထိန်းချုပ်ထားတယ်လို့ CDF(ထန်တလန်) တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“စစ်ကောင်စီတပ်က ဟားခါး – ထန်တလန် ကားလမ်းကို အသုံးပြုပြီး ဟားခါးမြို့နဲ့ ထန်တလန်မြို့က စစ်ကောင်စီတပ်တွေ အချင်းချင်း စစ်ကူပို့တယ်။ ရိက္ခာတွေ တင်ပို့တယ်။ အခုအဲ့ဒီလမ်းက စစ်ကောင်စီတပ်စခန်း အားလုံး သိမ်းပိုက်ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်ထားတယ်။ ဟားခါးနဲ့ ထန်တလန်က စစ်ကောင်စီတပ်တွေဟာ လုံးဝ ဆက်သွယ်ရေးပြတ်တောက်ပြီးပေါ့နော်။”လို့ ၎င်းက ပြောပါတယ်။

 

အဲ့ဒီ စခန်းသိမ်း တိုက်ပွဲမှ စစ်ကောင်စီထံက လက်နက်ကြီး၊ လက်နက်ငယ် ၁၉ လက် သိမ်းဆည်းရမိပြီး စစ်သုံးပန်း သုံးဦး ဖမ်းဆီးရမိကာ သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ လောင်း တွေ့ရှိတယ်လို့ သိရပါတယ်။

 

စခန်းသိမ်းတိုက်ပွဲကို ချင်းလဲန်းကောင်စီ၊ ကာကွယ်ရေးလက်အောက်ရှိ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF (ဟားခါး)၊ CDF (ထန်တလန်)၊ CDF( ဇုံဖေ)၊ CDF(လောက်တူ)၊ CDF(Senthang)၊ CDF(KKG)၊ People Defence Army  (PDA) ၊ CDF(Hualngoram) နဲ့ CDF  Vakok တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

 

ထန်တလန်မြို့မှာလည်း ချင်းကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ကြား ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားပြီး မြို့ကို နှစ်ဖက်အပြန်အလှန် နေရာယူထားကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CIC

 

ပုံစာ – ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကို တွေ့ရစဥ်။