လှိုင်မြစ်ရေတက်လာလို့ မှော်ဘီနဲ့ရွေပြည်သာက ကျေးရွာ၊ရပ်ကွက်တချို့မှာ ရေကြီးနေ

Author ကိုထက်
Categories
Published on Jul 29, 2024

ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်တည်း မိုးရွာသွန်းနေတာကြောင့် လှိုင်မြစ်ရေတက်လာခဲ့ပြီး၊ မှော်ဘီမြို့နယ်က ကျေးရွာတစ်ရွာနဲ့၊ ရွှေပြည်သာမြို့နယ်က ရပ်ကွက် ၅ခုမှာ ‌ရေကြီးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 

မှော်ဘီမြို့နယ်က မြစ်ကျိုးကျေးရွာနဲ့ ရွှေပြည်သာမြို့နယ်က ၅၊၈၊ ၁၉၊ ၂၀၊၂၃ရပ်ကွက်တွေမှာ ဇူလိုင်လ ၂၈ရက်နေ့ မနက်ပိုင်းမှာပဲ နေအိမ်တွေထိ ရေတွေတက်လာလို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

 

“မိုးက တစ်ပတ်လုံးရွာတော့ လှိုင်မြစ်ရေကတက်လာတာပါ။ အနိမ့်ပိုင်းနေရာတွေလည်းဖြစ်တော့ ရေက ၂၈ရက်နေ့မနက်မှာ နေလို့မရလောက်တော့တဲ့အနေအထားဖြစ်လာလို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။”လို့ သူက ပြောပါတယ်။

 

လက်ရှိမှာ ရွှေပြည်သာနဲ့ မှော်ဘီက ရေဘေးရှောင်ပြည်သူတွေကို သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ နေရာတွေမှာ ရွှေ့ပြောင်း‌ပေးထားပြီး၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။

 

နောက်ထပ် ၂၄နာရီအတွင်း လှိုင်မြစ်၊ ပဲခူးမြစ်နဲ့ ငမိုးရိပ်ချောင်းအနီးက အနိမ့်ပိုင်းနေရာတွေ ရေဘေးအထူးသတိထားဖို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

 

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့က ကျေးရွာ ၁၂ရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တတိယအပတ်ကကစလို့ ဧရာဝတီမြစ်ရေတက်လာလို့ လူဦးရေ ၁၀၀၀နီးပါးကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

 

ဒီလလယ်ပိုင်းက စတင်ရွာသွန်းနေတဲ့မိုးကြောင့် နိုင်ငံအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်လို ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေပြီး လယ်တွေရေမြုပ်တာ၊ အိုးအိမ်တွေရေလွှမ်းပျက်စီးတာနဲ့ လမ်းပိုင်းတွေပြတ်တောက်တာတွေလည်း ဖြစ်ပွားနေပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့