လားရှိုးသို့ တိုက်ပွဲများမရောက်အောင် စစ်ကောင်စီကြိုးပမ်းတဲ့အနေနဲ့ လေးရက်အတွင်း တံတား ငါးစင်းဖျက်ဆီး

Author ကိုထားဝယ်
Categories
Published on Jun 29, 2024

ရှမ်းမြောက်၊ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး လေးရက်အတွင်း စစ်ကောင်စီဘက်က လားရှိုးမြို့သို့ တိုက်ပွဲတွေမရောက်အောင် ကြိုးပမ်းတဲ့အနေနဲ့ လားရှိုးမြို့နဲ့ တဝိုက်က တံတားငါးစင်းအထိ ဖျက်ဆီးခဲ့တယ်လို့ တအောင်းတပ် TNLA က ဒီနေ့ ဇွန် ၂၉ ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

 

တအောင်းဒေသ တပ်မဟာ (၆)စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ်၊ မန်စံရေကျ၊ မန်ပွဲ-လားရှိုးတို့နဲ့ ဆက်သွယ်ထားတဲ့ မန်စံရေကျကြိုးတံတားနဲ့ ခိုလိတ်ရထားလမ်းတံတားတို့ကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဇွန်လ  ၂၇ ရက် စစ်ဆင်ရေး တတိယနေ့မှာ မိုင်းခွဲဖျက်ဆီးလိုက်တာလို့ TNLA က ဆိုပါတယ်။

 

အဲဒီတံတားနှစ်စင်းကို ခိုလိတ်၊ မန်းပွဲ၊ မန်းပွဲလုံ၊ မန်းပွဲဘူတာ စတဲ့ကျေးရွာဒေသခံတွေ အသုံးပြုတဲ့တံတားဖြစ်ပြီး တံတားတွေပျက်သွားခြင်းကြောင့် ဒေသတွင်း သွားလာရေးနဲ့ ရိက္ခာသည်ယူရေးတို့ ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။

 

ဇွန်လ (၂၅)မှ စတင်ပြီး တအောင်း တပ်မဟာ (၂)စစ်ဒေသ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ သီပေါနဲ့ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ မတ္တရာမြို့တို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအနေနဲ့ TNLA/MDY PDF ပူးပေါင်းတပ်တွေက ဆင်နွှဲလာပြီးနောက်ပိုင်း ထိုတံတားတွေကို စစ်ကောင်စီဘက်က ဖောက်ခွဲဖျက်ဆီးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီတံတား နှစ်စင်းအပြင် စစ်ဆင်ရေးပထမဆုံးနေ့ ​ဇွန်လ ၂၅ ရက်တုန်းက ခိုလိတ်အုပ်စုရှိ မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတားတို့ကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သေးတယ်လို့ TNLA ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဒါ့အပြင် လွန်ခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့တုန်းကလည်း စစ်ကောင်စီဟာ လားရှိုး – မိုင်းယော်လမ်းပေါ်ရှိ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနဲ့ မန်နားရွာတွေကို ဖြတ်သန်းသွားရတဲ့လမ်းမကြီး သုံးနေရာကို ကန့်လန့်မြောင်းဖောက်ဖျက်ဆီးခဲ့ပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA