ရန်ကုန် တောင်ပိုင်းခရိုင်မြို့နယ်များ ညမထွက်ရအမိန့်ပြောင်းလဲ၊ အစစ်အဆေးတင်းကြပ်နေ

ရန်ကုန်မြို့ တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကို ပြောင်းလဲလိုက်ပြီးနောက် အစစ်အဆေးပိုမိုတင်းကြပ်လုပ်ဆောင်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဒလ၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ စသည့်တောင်ပိုင်းခရိုင်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် လိုက်လံသတိပေးနေကြောင်း ကော့မှူးမြို့ခံတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့စနေနေ့လောက်က ညဘက်အသံချဲ့စက်နဲ့လိုက်အော်တာ။ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်းဆိုပြီး။ ဒီဘက်မှာက ရာဘာတွေဘာတွေက မနက် ၄ နာရီလောက် ထပြီးခြစ်ကြလုပ်ကြရတာ။ အခုလိုလုပ်တာ လုပ်ရကိုင်ရခက်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် ည ၁၀ နာရီဟု သတ်မှတ်ထားသော်လည်း ည ၈ နာရီကတည်းက ကင်းလှည့်စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေပြီး မူးပြီးဆဲဆိုမှုများလည်းရှိကြောင်း တွံတေးမြို့ခံတစ်ဦးက ပြောသည်။
“ည ၁၀ နာရီသာသတ်မှတ်ထားတာပါ။ လမ်းမှာတွေ့တဲ့သူတိုင်းကို ၈ နာရီလောက်တည်းက မူးရူးပြီး လိုက်စစ်နေတာ။ မထင်ရင်မထင်သလိုက ဆဲဆိုသေးတယ်။ လူငယ်တွေဆိုရင် သေနတ်ပါချိန်ပြီး စစ်တာ။ ငွေကလည်းညှစ်သေး” ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် ညမထွက်ရအမိန့် မာရှယ်လောကို နံနက် ၁ နာရီမှ ၃ နာရီအတွင်း သတ်မှတ်ထုတ်ပြန်ထားသော်လည်း တောင်ပိုင်းခရိုင်မြို့နယ်များတွင် ဧပြီ ၂၀ ရက်နေ့မှစတင်၍ ည ၁၀ နာရီမှ မနက် ၅ နာရီသို့ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ယင်းမြို့နယ်များသို့ သွားလာပါက မှတ်ပုံတင်မဖြစ်မနေယူဆောင်ရပြီး စစ်ဆေးသည့်အခါ မှတ်ပုံတင်မပြနိုင်ပါက ငွေတောင်းခံရမှုများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း တွံတေးမြို့နယ်၊ တောကြီးတန်းအရပ်တွင် PDF များ ရောက်ရှိသည်ဆိုသောသတင်းကြောင့် တောနင်းရှာဖွေမှုများ စစ်ကောင်စီတပ်သားများက ပြုလုပ်ခဲ့သေးသည်။
ဓာတ်ပုံ- CJ