အဆိုးဝါးဆုံး ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းတွေ ပိတ်ဆို့ထားဆဲဖြစ်ပြီး ဆက်သွယ်ရေး ကုမ္ပဏီတွေကလည်း ကူညီပံ့ပိုးမှု မရှိ

နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံးသော ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အရေးပေါ် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်အတွက် ခက်ခဲမှုတွေ ရှိနေပြီး စစ်ကောင်စီဟာ အင်တာနက်လိုင်းတွေ ပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။
မြန်မာနိုင်ငံအတွင်း ပြည်သူတွေ အသုံးများဆုံးဖြစ်တဲ့ Facebook လူမှုကွန်ရက်ကို VPN အသုံးပြု ဝင်ရောက်နေရဆဲဖြစ်ကာ ဆက်သွယ်ရေး ကုမ္ပဏီတွေကလည်း အခမဲ့ ဖုန်းဆက်သွယ်ခွင့်၊ အခမဲ့ SMS ပေးပို့ခွင့်နဲ့ အခမဲ့ အင်တာနက် အသုံးပြုခွင့်ကို ကူညီပံ့ပိုးလာတာ မရှိသေးပါဘူး။
“ငလျင်ဒဏ်ခံရတဲ့ နေရာမှာ ဖုန်းလိုင်းတွေလဲ ပြတ်တောင်းတောင်းဖြစ်သွားတယ်၊ အင်တာနက်ရဖို့ဆိုတာ VPN ထပ်သုံးရတော့ ဘာမှ သုံးစားမရတော့ဘူး၊ အရေးပေါ် သတင်းမျှဝေဖို့ ခက်ခဲနေတယ်”လို့ မန္တလေးမြို့ခံ လူမှုကူညီရေး အသင်းအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်သင့် ဒေသတွေမှာ နေအိမ်အဆောက်အအုံတွေ များစွာ ပျက်စီးခဲ့ရပြီး စျေးဆိုင်တွေလည်း ပိတ်ထားရတာကြောင့် ဖုန်းငွေဖြည့်ဖို့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေပါတယ်။
“အကူညီတောင်းခံမှုတွေကို ပြန်ဖြေဖို့ ဖုန်းဘေတောင် ဝယ်မရဘူး၊ ဒါဆို ပိတ်မိနေတဲ့ ပြည်သူတွေထဲမှာ ဖုန်းဘေမရှိလို့ ဆက်သွယ် အကူညီတောင်းလို့မရတဲ့သူတွေပါ ရှိနေနိုင်တာပဲလေ”လို့ သူက ဆက်ပြောပါတယ်။
နိုင်ငံတကာကို ဆက်သွယ် အကူညီတောင်းခံနေတဲ့ စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်ထားတဲ့ MyTel အပါအဝင် ဆက်သွယ်ရေးကုမ္ပဏီတွေက အခမဲ့ အင်တာနက်သုံးစွဲခွင့်၊ အခမဲ့ ဖုန်းခေါ်ဆိုခွင့်တွေကို ပေးအပ်လာတာ မရှိသေးပါဘူး။
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေလည်း မြန်မာနိုင်ငံကို ဝင်ရောက်လာနေပြီး လက်ရှိ မြန်မာနိုင်ငံတွင်း အင်တာနက်ပိတ်ဆို့ထားမှုတွေဟာ ကယ်ဆယ်ရေးအဖွဲ့တွေအတွက် အခက်အခဲတွေ ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေက သုံးသပ်မှုတွေ ရှိနေပါတယ်။