ဂွတစ်မြို့နယ်လုံးကို အပြီးသတ်သိမ်းပိုက်၊ တင့်ကား ၁၀ စီးနဲ့ စစ်သုံ့ပန်းရာနဲ့ချီ ရရှိ ကျန်သုံးမြို့ကို ထိုးစစ် ဆက်ဆင်မယ်လို့ AA ပြော

Author သုတ
Categories
Published on Dec 29, 2024

ရခိုင်ပြည်၊ ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ-၅၆၂ ကို ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဂွမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်(AA)လက်ထဲကျရောက်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ဒါကြောင့် ဒီဇင်ဘာ တစ်လအတွင်း ရခိုင်မှာ AA က မြို့နယ်လေးခုအထိ သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

 

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တင့်ကား ၁၀ စီးနဲ့ စစ်သုံ့ပန်းရာချီ ဖမ်းဆီးရမိတယ်လို့ ဂွမြို့က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“ပြီးခဲ့တဲ့ နိုဝင်ဘာလအစက စစ်ကူအင်အားဖြည့်ခဲ့တဲ့ တင့်ကား ၁၀ စီးလောက်ရှိတယ်။ မြို့ထဲပတ်ပြီး ပစ်တာခတ်တာတွေလုပ်ခဲ့သေးတယ်။ အခု အဲဒီတင့်ကားတွေနဲ့ စစ်သား ရာနဲ့ချီတယ် ဖမ်းမိထားတာ” လို့ သူက ပြောပါတယ်။

 

ခမရ-၅၆၂ စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားသူတချို့ကို AA က လိုက်လံဖမ်းဆီးနေတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေရှိနေဆဲလို့ သူက ဆက်ပြောပါတယ်။

 

ယမန်နေ့ မြို့သိမ်းတိုက်ပွဲပြင်းထန်နေကတည်းကနေ ဒီကနေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မပြတ်လုပ်ဆောင်ခဲ့တယ်လို့ အသက် ၄၅ နှစ်အရွယ် ဂွဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“စစ်တပ်စခန်းထဲ တပ်သားတွေမရှိတော့ဘူး။ စစ်တပ်က ထုံးစံအတိုင်းပဲ တပ်ထဲနဲ့ အနီးအနားကို ဗုံးတွေပတ်ကြဲနေတာ ဒီနေ့အထိပဲ။ အသံတွေကြားနေရတယ်။ နေဗီကနေလည်း လှမ်းပစ်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။

 

AA အနေနဲ့ ခမရ-၅၆၃ ကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး ဂွမြို့ကိုပါ ထိန်းချုပ်ထားတာပါ။

 

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ ခမရ-၅၆၂ နဲ့ ၅၆၃ နှစ်ခုစလုံး အာရက္ခတပ်တော်(AA)ရဲ့ ထိန်းချုပ်မှုအောက် အလုံးစုံရောက်ရှိသွားပြီဖြစ်တာကြောင့် ဂွတစ်မြို့နယ်လုံး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

 

AA အနေနဲ့ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ ဂွမြို့တို့ကို စစ်မျက်နှာလေးခုတပြိုင်နက်ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလအတွင်းမှာတော့ အဲဒီမြို့နယ်လေးခုစလုံး ဆက်တိုက်ဆိုသလို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

ဒါ့ကြောင့် မြို့နယ် ၁၇ ခု ရှိတဲ့ ရခိုင်ပြည်မှာ AA ဟာ မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ချင်းပြည်၊ ပလက်ဝမြို့ကိုပါ သိမ်းပိုက်ထိန်းချုပ်ထားတာကြောင့် AA သိမ်းပိုက်ထားတဲ့မြို့နယ် ၁၅ ခုအထိ ရှိလာပြီဖြစ်ပါတယ်။

 

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီထိန်းချုပ်ထားဆဲမြို့တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကိုလည်း သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ AA က ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ စစ်တွေမြို့က စစ်ကောင်စီရဲ့ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တွေမြို့မှာ တိုက်ပွဲစတင်ဖော်ခဲ့ပါတယ်။

 

ဓာတ်ပုံ – AA Info Desk