ထိုင်းက အမြန်လမ်း လုပ်ငန်းခွင်မှာ ကရိန်းနဲ့ ကွန်ကရစ်တုံးတွေ ပြုတ်ကျလို့ လေးဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ၊ သေဆုံးသူတွေထဲ မြန်မာတချို့ပါဝင်

Author CJ Platform
Categories
Published on Nov 29, 2024

ထိုင်းနိုင်ငံ ဆမွတ်စခွန်ခရိုင် မွမ်မြို့နယ်တွင်းက ရာမ -၂ လမ်းပေါ်မှာရှိတဲ့ အမြန်လမ်း လုပ်ငန်းခွင်တစ်ခုမှာ ကွန်ကရစ်တုံးတွေကို ကရိန်းနဲ့ တင်ဆောင်နေတုန်း ပြိုကျမှုဖြစ်ခဲ့တာကြောင့် လူလေးဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

အဲဒီ မတော်တဆမှုဟာ ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်း ၄ နာရီ ၁၃ မိနစ်ဝန်းကျင်မှာ ခေါ့ခရာဘူမြို့နယ်ခွဲထဲက အေကချိုင်-ဘန်ဖွဲကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမပေါ်က M82 အပိုင်းမှာရှိတဲ့ လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံသားတချို့ ပါဝင်နေပါတယ်။ အဲဒီထဲက တချို့သူတွေမှာတော့ ငယ်ရွယ်တဲ့ သားသမီးတွေ ကျန်ရစ်ခဲ့တယ်လို့ CJ Platform အနေနဲ့ ကနဦး စုံစမ်းသိရှိရပါတယ်။

“သေဆုံးသူတွေထဲက တစ်ယောက်ရဲ့ ညီဖြစ်သူကတော့ အခုပဲ လိုက်သွားတယ်။ ကျွန်တော်တို့လည်း မနက်ဖြန်သွားကြမယ်။ လျော်ကြေးကတော့ ရမယ် မထင်ပါဘူးဗျာ”လို့ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သိရသလောက်ကို နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ ကွန်ကရစ်တုံးတွေနဲ့ ကရိန်းတွေ ပြိုကျတဲ့အချိန်မှာ ဆောက်လုပ်ရေးအလုပ်သမား အများအပြား အတူတူပါသွားခဲ့တာကြောင့် လေးဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခေါင်းဆောင်ပိုင်း အလုပ်သမားတစ်ဦးက ပြောတယ်လို့ သိရပါတယ်။ တခြား လုပ်သား ၂၅ ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆမွန်စခွန်ခရိုင်အုပ်ချုပ်ရေးမှူး နရစ်နီရာမိုင်ဝေါင်က လုပ်ငန်းခွင်အတွင်းမှာ ကရိန်းပြိုကျခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုခဲ့သလို အခင်းဖြစ်ပွားရာ ဝန်းကျင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် ယာဉ်မောင်းတွေ အနေနဲ့ ရှောင်ကွင်းသွားကြဖို့လည်း သူက အကြံပြုခဲ့ပါတယ်။

 

“ရာမ ၂ လမ်းကို မြန်မြန်ပြန်ဖွင့်နိုင်အောင် အခင်းဖြစ်ရာနေရာကို အမြန်ဆုံးရှင်းလင်း သွားပါမယ်” လို့ မစ္စတာ နရစ်က ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ရာမ- ၂ အမြန်လမ်းနေရာကို ပိတ်ဆို့ထားပြီး ဘေးလမ်းတွေကိုသာ ဖွင့်ထားပေးတယ်လို့လည်း သိရပါတယ်။

အမြန်လမ်းရဲတပ်ဖွဲ့ကလည်း ယာဉ်မောင်းတွေ အနေနဲ့ ဖက်ကဆမ်နဲ့ ဘိုရွမ်မာရတ်ချက်ချက်နရီလမ်းတွေကို အစားထိုးအသုံးပြုဖို့လည်း အကြံပြုထားပါတယ်။

 

ဘန်ကောက်မြို့ကနေ ဆမွန်စခွန်ကို အမြန်လမ်းတွေ တိုးချဲ့ဖောက်လုပ်တာဟာ ခရီးသွားလာချိန် တိုတောင်းစေဖို့ရည်ရွယ်ပေမဲ့ လုပ်ငန်းခွင်နှောင့်နှေးမှုတွေနဲ့ မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး အစိုးရ ရုံးပိတ်ရက်နဲ့ ပုံမှန် ရုံးပိတ်ရက်တွေမှာဆိုရင် ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုပြီး ဖြစ်တတ်တယ်လို့လည်း သိရပါတယ်။

အရင်ကလည်း အမြန်လမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မတော်တဆမှုကြောင့် လူထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့တုန်းကလည်း  ကရိန်းကြိုးပြတ်ကျမှုကြောင့် ကရိန်းနဲ့ တင်ဆောင်နေတဲ့ စင်လည်း ပြုတ်ကျခဲ့သလို အလုပ်သမားတစ်ဦး သေဆုံးခဲ့ရပါတယ်။

 

ယမန်နှစ် မေလမှာလည်း ကွန်ကရစ်ပြားပြုတ်ကျခဲ့တာကြောင့် အလုပ်သမားတစ်ဦးလည်း သေဆုံခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Samut Sakhon branch of the Government Public Relations Department

 

ပုံစာ – ကရိန်းနဲ့ ကွန်ကရစ်တုံး ပြုတ်ကျမှုဖြစ်ပွားခဲ့တဲ့ မြင်ကွင်းများ

 

ကိုးကား- Bangkok Post