မှော်ဘီထွေအုပ်ရုံးကို ချိန်ကိုက်မိုင်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရလို့ ဆို

Author ကိုထက်
Categories
Published on Jul 28, 2024

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးကို ချိန်ကိုက်မိုင်းတွေနဲ့ ဇူလိုင်လ ၂၇ရက် ညပိုင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

 

ဇူလိုင်လ ၂၇ရက် ည ၇နာရီ ၃၅မိနစ်အချိန်က ချိန်ကိုက်မိုင်း ၃လုံးနဲ့ ထွေအုပ်ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒဏ်ရာရသူတချို့ရှိတယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံက ပြောပါတယ်။

 

“ဒီမစ်ရှင်ကို တစ်လလောက်ပြင်ဆင်ခဲ့ရတာပါ။ မိုင်း သုံးလုံးစလုံးအောင်တယ်။ ထိထိရောက်ရောက်ပါပဲ။ ရုံးထဲမှာ တပ်စွဲထားတဲ့ဆီကို ဖောက်ခွဲခဲ့တာပါ။ ဒဏ်ရာရ စစ်သားရှိနိုင်ပါတယ်။ အရင်မစ်ရှင်တွေတုန်းက Errorဖြစ်တာတွေရှိခဲ့တယ်။ အခုတော့ ပြင်အားမြင့်မြင့်နဲ့ ထိထိရောက်ရောက်ပါပဲ။”လို့ သူက ပြောပါတယ်။

 

ဗုံးပေါက်ကွဲမှုအပြီး၊ စစ်ကောင်စီတပ်သားတွေက အိမ်စီးကားတွေနဲ့လည်း အနီးနားရပ်ကွက်တွေထဲ ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မှော်ဘီမြို့နယ်နေသူတစ်ဦးက ပြောပါတယ်။

 

“ဗုံးကသုံးခါအသံကြားလိုက်တာ။ ခဏကြာတော့ အိမ်စီးကားတွေနဲ့လည်း လမ်းထဲတွေဝင်လာပြီးစစ်တယ်။ လမ်းသွားလမ်းလာကားတွေကိုလည်းစစ်တယ်။”လို့ ၎င်းက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ရက်နေ့ကလည်း ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲ့ အမှတ် ၁ တပ်မတော်စုဆောင်းရေးတပ်ကို Yangon Army အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတချို့  ဒဏ်ရာရခဲ့ပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်ကလည်း ရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ်က စစ်တပ်ပိုင် Red Ruby စီးကရက်စက်ရုံ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး စက်ရုံအတွင်း မီးလောင်ခဲ့ပါတယ်။

 

ဇွန်လ ၃ရက်ကလည်း မဂ်လာဒုံမြို့နယ်ထဲက စစ်တပ်ပိုင် MEC နို့ချက်စက်ရုံအား ‌ ဗုံးခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာရဲ့  Slayers of Tyarntsတပ်ခွဲမှ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့