မြို့ ၁၄ ခုသိမ်းထားတဲ့ AA မြို့တော်စစ်တွေမှာ တိုက်ပွဲစတင်
ရခိုင်ပြည်မှာ မြို့ ၁၄ ခုသိမ်းထားတဲ့ အာရက္ခတပ်တော် AA ဟာ သိမ်းဖို့ကျန်နေတဲ့သုံးမြို့ထဲက မြို့တော် စစ်တွေမှာ ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် မနက်အစောပိုင်းကနေ ညပိုင်းအထိ တိုက်ပွဲစတင်ဖော်ဆောင်နေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)တပ်နယ်မြေထဲမှာရှိတဲ့ ကျားမသောက်ကျေးရွာအနီးက ကျောက်တန်းစစ်ဆေးရေးဂိတ်ကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ CJ Platform ရဲ့ စစ်တွေဒေသခံ အမျိုးသမီးစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“ကျားမသောက်ရွာနားက စစ်ဆေးရေးဂိတ်ကို အေအေက ဝင်စီးတယ်ပြောတယ်။ အပြန်အလှန်ပစ်ခတ်သံတွေကြားနေရတယ်။ ညနေပိုင်းလောက်မှာတော့ လက်နက်ငယ်သံတွေမကြားရတော့ဘူး။ လက်နက်ကြီးသံတော့ တစ်နေကုန်ပဲ” လို့ သူမက ပြောပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်အနီးနားမှာ ကျားမသောက်၊ ကျောက်တန်းကြီးနဲ့ ကျောက်တန်းချေကျေးရွာတို့ရှိပြီး စစ်တွေမြို့အဝင်က စစ်ဆေးရေးဂိတ်တွေထဲမှာ အတင်းကျပ်ဆုံးဂိတ်ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီကျေးရွာက ဒေသခံတွေ စစ်ရှောင်နေကြရပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တဖန် စစ်ပွဲဖြစ်ပွားရာဂိတ်အနီးက ကျေးရွာတွေမှာ နှစ်ဖက်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျည်စထိမှန်ကာ နေအိမ်ပျက်စီးမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ကျားမသောက်ကျေးရွာအနီး စစ်ကောင်စီရဲ့ အင်ဂျင်နီယာတပ်(BE)တပ်လည်း တည်ရှိနေပါတယ်။
ရန်ကုန်-စစ်တွေ အမြန်ကားလမ်းမပေါ်မှာရှိတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို AA က တိုက်ခိုက်နေတာ ဟုတ်မှန်ကြောင်း နောက်ထပ် စစ်တွေဒေသခံ ကမန်အမျိုးသားတစ်ဦးကလည်း CJ Platform ကို အတည်ပြုပြောဆိုပါတယ်။
“ရှေ့အပတ်လောက်ကတည်းက အေအေနဲ့ စစ်ကောင်စီတပ်တို့ လက်နက်ကြီး အပြန်အလှန်ပစ်တာတွေရှိခဲ့တယ်။ တိုက်ပွဲလို့တော့ ပြောလို့မရဘူး။ အေအေကလည်း နေဗီတွေကို လက်နက်ကြီးနဲ့ ပြန်ပစ်ခဲ့တယ်။ စစ်တပ်ကလည်း ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်တွေကို လျှောက်ပစ်တာပေါ့။ မနေ့တော့ စစ်ကောင်စီစခန်းကို အေအေက စတိုက်တာပါ” လို့ သူက ပြောပါတယ်။
ယမန်နေ့ ညနေပိုင်းမှာ နှစ်ဖက်တိုက်ပွဲရပ်တန့်သွားပေမဲ့ ည ၁၀ နာရီကျော်အထိ စစ်တွေအခြေစိုက် ရဲတပ်ရင်း-၁၂ က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ စစ်တွေမြို့မှာ နေထိုင်တဲ့ ဒေါ်မနုက CJ Platform ကို ပြောပါတယ်။
“မီးလုံးတွေ မြို့ပေါ်မှာ ပျံဝဲနေတာပဲ။ အိမ်တွေပါ ခါနေတယ်။ အရင်က ပစ်နေကျ လက်နက်ကြီးတွေထက် အားပြင်းပုံရတယ်။ အသံလည်းကျယ်ပြီး မြေတွေပါ ထိမ့်(တုန်)တယ်။ ဘယ်ဘက်ကို ပစ်နေတာလည်းတော့ မသိဘူး။ အရီးတို့ကတော့ ကြောက်လို့ အခု အကုန်စုပြီး နေနေကြတယ်”လို့ အမျိုးသမီးကြီးက ပြောပါတယ်။
တိုက်ပွဲပြင်းထန်လာပါက အရပ်သားတွေနဲ့ လူနေမြို့ပေါ်ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်လာမှာကို စိုးရိမ်တယ်လို့ သူမက ဆက်ပြောပါတယ်။
အာရက္ခတပ်တော်(AA)က စစ်တွေမြို့နယ်ကလွဲပြီး စစ်တွေခရိုင်အတွင်းက ပေါက်တော၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေမြို့က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားပြီး ရခိုင်ဒေသတစ်ခုလုံးမှာ စစ်ကောင်စီတပ်တွေအားလုံး ကင်းစင်သွားတဲ့အထိ ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ဒီနှစ် ၂၀၂၄၊ ဇူလိုင်လ ၇ ရက်နေ့က AA က ပြောဆိုထားပါတယ်။
ဒီဇင်ဘာ တစ်လအတွင်း မောင်တော၊ တောင်ကုတ်နဲ့ အမ်း စတဲ့သုံးမြို့နယ်ကို သိမ်းပိုက်နိုင်လိုက်တဲ့အပြင် ဂွမြို့ကို သိမ်းပိုက်ထားနိုင်တာကြောင့် ရခိုင်တစ်ပြည်လုံးမှာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် သုံးမြို့နယ်ပဲ အာရက္ခတပ်တော် AA အနေနဲ့ သိမ်းပိုက်ဖို့ ကျန်ပါတော့တယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကရရှိတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့နဲ့အတူ စစ်သုံ့ပန်းတွေကို တွေ့ရစဉ်