ညောင်တုန်းမှာ ရေကြီးနေတဲ့အပြင် ကမ်းပါပြို


ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ (၄၁)လမ်း ကမ်းနားအနီး ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် ဇူလိုင်လ ၂၆ရက်နေ့ မနက်ပိုင်းက မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မြစ်ကမ်းပါးပြိုကျတဲ့ နေရာဟာ အရင်က ညောင်တုန်း ဇက်ဆိပ်နေရာဖြစ်ပြီး အလျား ၂၀ပေ အနံ ၁၀ပေနီးပါးထိ မြစ်တွင်း ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး နေအိမ်အချို့ အရေးပေါ် ပြောင်းရွေ့ခဲ့ရတယ်လို့  သိရပါတယ်။

 

“ ရေကြောက အောက်မှာလှိုက်စားပြီး ပွက်နေတာ စက်လှေသမားတွေပြောလို့ သိကြတာ၊ မြစ်ကြောထိုးနေတာလို့လည်း ပြောကြတာပဲ” လို့ မြစ်ကမ်းပြိုကျတဲ့ အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မြစ်ကမ်းပါးပြိုကျချိန်ဟာ မြစ်ရေမြင့်တက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပြီး ဧရာဝတီမြစ်နဲ့ ပန်းလှိုင်မြစ်ရေ ဆုံတဲ့ ညောင်တုန်းမြို့ဟာ ရေကြီးနစ်မြုပ်မယ့် အရေးကိုလည်း စိုးရိမ်နေရပါတယ်။

 

“ မြို့ထဲရေဝင်ဖို့ကတော့မရှိပါဘူး အဲ့ဒီ့အပိုင်းတွေက အမြင့်ပိုင်းလို့ပဲပြောရမယ် တာနှစ်ထပ်နဲ့ဆိုတော့ မြို့အတွက် စိုးရိမ်စရာမရှိဘူး” လို့ မြို့ခံတစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။

 

မြစ်ကမ်းပါးပြိုကျမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ ရေကြောင်းလွှဲပြောင်းပေးဖို့ဆိုကာ ကမ်းနံဘေး သစ်ကိုင်းတွေကို ချထားခဲ့ပြီး အနီးဝန်းကျင်မှာ ရှိနေတဲ့ စျေးဆိုင်နှစ်ဆိုင်ကို ရွေ့ပြောင်းစေခဲ့တယ်လို့ သိရပါတယ်။

 

NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကစတင်ကာ မြစ်ကမ်းထိန်းတာများကို နှစ်စဉ် တိုင်းဒေသကြီးဘတ်ဂျက်နဲ့ရော ပြည်ထောင်စုဘတ်ဂျက်နဲ့ပါ နှစ်စဉ် ပြုပြင်ထိန်းသိမ်းခဲ့ပြီး ပန်းလှိုင်မြစ်ကမ်းဘေးရှိ တာကို အမြင့် ပေ ၃၀ ကျော်အထိမြှင့်တင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

 

“ ၃၂ လမ်းကနေ ၄၁ လမ်းအထိ လုပ်ဆောင်ဖို့ကျန်သေးတဲ့အနေအထားမှာ အာဏာသိမ်းမှုကြောင့် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူးပေါ့၊ ကျန်တဲ့အပိုင်းတွေလည်း ကျန်သေးတာပေါ့၊ စစ်ကောင်စီက ဆက်မလုပ်ဘူးဆိုရင် မြို့အတွက် စိုးရိမ်စရာပါပဲလို့” ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးကျော်ဆန်းက CJ Platform ကိုပြောပါတယ်။

 

ညောင်တုန်းမြို့ကမ်းဘေးရှိ ပန်းလှိုင်မြစ်ရေဟာ ဇူလိုင်လ ၁၄ ရက်နေ့က စတင်ကာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိခဲ့ပြီး အခု အန္တရာယ်ရေအမှတ်အထက်မှာ ဆက်လက်ရှိနေခဲ့ကာ ဇူလိုင် (၁၇) ရက်နေ့မှာတော့ မြစ်ကမ်းထိမ်းတာ ရေစိမ့်ဝင်တာဖြစ်ခဲ့လို့ သဲအိပ်များကာရံမှုတွေလုပ်ဆောင်ခဲ့ရပါသေးတယ်။