သူဌေးချောင်းဆည် အနီရောင်အဆင့်ကို ရောက်နေတာကြောင့် အနီးနားကရွာတွေ အမြန်ရွေ့ပြောင်းဖို့ AA သတိပေး


သံတွဲမြို့နယ်က သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေအမှတ်ထက် မြင့်တက်နေပြီး အနီရောင်အဆင့်ကို ကျော်လွန်လာတာကြောင့် ဆည်ရေစီးဆင်းရာ လမ်းကြောင်းမှာ ရှိနေတဲ့ ကျေးရွာတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံး ရွေ့ပြောင်းကြဖို့ အာရက္ခတပ်တော် AAက ဒီကနေ့ ညနေပိုင်းမှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်လာပါတယ်။

 

ရွှေလှေတိုက်နယ်ရှိ သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေအမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာပြီဖြစ်ကာ ယခုထက်ပိုသော မိုးရေချိန်အမှတ်ကို ရောက်ရှိလာနိုင်မည့် အလားအလာတွေ ရှိနေတာကြောင့် ဆည်အောက်ဘက်ရှိ ကျေးရွာများ နီးစပ်ရာ ကုန်းမြင့်နှင့် ဘေးလွတ်ရာနေရာတွေကို အမြန်ဆုံး ပြောင်းရွှေ့ နေထိုင်ကြဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

သူဌေးချောင်းဆည်ရှိ ဝန်ထမ်းတွေဟာ အာရက္ခတပ်တော်AA နဲ့ စစ်ကောင်စီတို့ကြားတိုက်ပွဲတွေကြောင့် အခုနှစ် ဧပြီလလောက်ကတည်းက ထွက်ပြေးသွားကြပြီး ဆည်ကိုထိန်းသိမ်းစောင့်ရှောက်မှုတွေမရှိပဲ ဆည်အတွင်း အမှိုက်တွေ ပိတ်ဆို့နေတာတွေရှိတယ်လို့လည်း ဒေသခံတစ်ချို့ထံကနေ သိရပါတယ်။

 

အမှိုက်များ ပိတ်နေတာကြောင့် ဆည်ကျိုးကျမှာလည်း စိုးရိမ်ရသလို ရေကျော်ကျလာမည့် အနေအထားဖြစ်နေပြီး ဒေသတွင်း ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ရေပိုရေလျှံလာပါက သတိပေးမည့်သူ မရှိဖြစ်နေတယ်လို့လည်း သိရပါတယ်။

 

သူဌေးချောင်းဆည်မှာ ရေအားလျှပ်စစ်ဆည်တစ်ခုဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့ကာ သံတွဲမြို့နဲ့ မိုင် ၂၀ လောက်ဝေးတယ်လို့သိရပြီး ဆည်အောက်ဖက်မှာ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း ရှိတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – AA Info Desk