NUG အစိုးရအဖွဲ့ကနေ ဒေါက်တာဆာဆာ နုတ်ထွက်ဖို့ စာတင်ထားတယ်လို့ ဝန်ကြီးချုပ်ရုံး အတည်ပြု
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဟာ ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မှာ ရာထူးကနေ နုတ်ထွက်ဖို့ စာတင်ထားတာမျိုးရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အတည်ပြုပြောပါတယ်။
“ဒေါက်တာဆာဆာအနေနဲ့ နုတ်ထွက်ခွင့်တင်ပြထားတာတော့ ရှိပါတယ်။ နုတ်ထွက်သွားတယ်ဆိုတာမျိုးကတော့ မဟုတ်သေးပါဘူး။ Procedure အရ နုတ်ထွက်ခွင့်တင်ပြတယ်ဆိုရင် ဝန်ကြီးချုပ်က နုတ်ထွက်ခွင့်ပြုတယ်ဆိုကိစ္စပြီးမှ နုတ်ထွက်သွားတယ်ဆိုတဲ့ သဘောမျိုးဖြစ်တာ” လို့ ဦးနေဘုန်းလတ်က CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် NUG အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးကိစ္စရပ်တွေကို လုပ်ဆောင်နေပြီး လုပ်ငန်းစဉ်ပြီးဆုံးပါက သက်ဆိုင်ရာအစုအဖွဲ့တွေကနေ ထုတ်ပြန်ကြေညာသွားဖို့ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေါက်တာဆာဆာ နုတ်ထွက်မှုဟာ NUG အစိုးရအဖွဲ့အတွင်း ဝန်ကြီးဌာနတွေ လျှော့ချတာတဲ့ သက်ဆိုင်နိုင်ပြီး လက်ရှိမှာလည်း နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ သိသာထင်ရှားတဲ့ ရလဒ်ထွက်ပေါ်လာတာမျိုးတွေ မရှိတာကြောင့် သူ့အပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့ NUG အစိုးရအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။
NUG အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ရှိနေပြီး ဝန်ကြီးဌာန ၁၇ ခုကနေ ဝန်ကြီးဌာန ၅ ခုအထိ လျှော့ချကာ ကျန်ဝန်ကြီးဌာနအချို့ကို ဦးစီးဌာနအဖြစ် ပြောင်းလဲဖို့ရှိနေသလို အချို့ဝန်ကြီးဌာနတွေကိုလည်း ပူးပေါင်းဖို့ရှိနေတယ်လို့ သိရပါတယ်။
ဒေါက်တာဆာဆာဟာစစ်အုပ်စုကအာဏာသိမ်းယူချိန်မှာဒေါ်အောင်ဆန်းစုကြည်နဲ့အတူတူရှိခဲ့သူလို့ပြောကြားထားခဲ့ဖူးပြီးသူဟာအငှါးယာဉ်မောင်းဟန်ဆောင်ကာထွက်ပြေးလွတ်မြောက်ခဲ့တာလို့လည်းဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
