စစ်အုပ်စုလွတ်ငြိမ်းထဲမှာ အမှန်တကယ်လွတ်မြောက်လာသူ ၇၀၀ ကျော်သာရှိတယ်လို့ AAPP ပြော
စစ်အုပ်စု ဆန့်ကျင်ဆန္ဒပြခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အကျဉ်းချ ဖမ်းဆီးခံထားရသူတွေထဲက ၃၀၈၅ ဦးကို စစ်ကော်မရှင်က လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ အမှန်တကယ် လွတ်မြောက်လာသူဟာ ၇၂၄ ဦးသာရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထံက သိရပါတယ်။
စစ်အုပ်စု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရသူ ၃၀၈၅ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ မနေ့ နိုဝင်ဘာ ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကော်မရှင်ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ပါဝင်သူတွေထဲ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် ဖမ်းဆီးခံရသူ ၇၂၄ ဦးသာ လွတ်မြောက်ခဲ့ပြီး ကျန် ၂၃၆၁ ဦးဟာ အခြားပုဒ်မတွေနဲ့ပါ အမှုဖွင့်ဖမ်းဆီးခံထားရတာကြောင့် လွတ်မြောက်လာသူတွေထဲ မပါဝင်ခဲ့ဘူးလို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း ပြောပါတယ်။
အခုလို ပြန်လွှတ်ပေးတာဟာ သူတို့ ရွေးကောက်ပွဲအတွက် ကမ်ပိန်းလုပ်တာသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
“အဓိက စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲ ကန်ပိန်းလုပ်တယ်လို့ပဲ မြင်ပါတယ်၊ အရောင်းမြှင်ရေးပေါ့ဗျာ၊ အခုအချိန်မှာ စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲအပေါ်နိုင်ငံတကာက အသံမျိုးစုံ ထွက်နေတဲ့အပေါ်မှာ အမြင်များပြောင်းလာမလားလို့ မျှော်လင့်နေတယ်လို့ ပဲ မြင်ရတယ်” လို့ ဦးတိတ်နိုင်က ပြောပါတယ်။
AAPP ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရသူ ၅၂၆၈ ဦးရှိနေပြီး ဒီထဲမှာ အခြားပုဒ်မတွေနဲ့ ထပ်တိုးတရားစွဲခံထားရသူတွေလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။ လွတ်မြောက်လာသူတွေဟာ လွတ်ရက်စေ့နီးသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းထဲမှာ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ချက်နဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူအချို့ ပါဝင်ပေမဲ့ ပုဒ်မ ၅၀၅(က) အပြင် အခြားပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရသူတွေ ပြန်လည် လွတ်မြောက်လာတာ မရှိသေးဘူးလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
“လွတ်မြောက်လာသူတွေထဲ ကျွန်တော်တို့ AJAY အဖွဲ့ဝင်တွေတော့ မပါပါဘူး။ မဟာမိတ်အဖွဲ့က ၄ ယောက်ပဲ ပါပါတယ်။ သူတို့က စစ်မှုထမ်းနဲ့ ကုန်ဈေးနှုန်း ကိစ္စ ဆန္ဒပြပွဲအပြီး ဖမ်းဆီးခံရတာပါ” လို့ AJAY တာဝန်ရှိသူက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅(က) အမှုဖွင့်ခံရချိန် တိမ်းရှောင်နေတာကြောင့် နောက်ထပ်ပုဒ်မ ၅၁၂ နဲ့ ထပ်မံအမှုဖွင့်ခံထားရသူ ၅၅၈၀ ဦးကိုလည်း စစ်ကော်မရှင်က အမှု ရုပ်သိမ်း ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ပေးတာဟာ လာမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင် မဲပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မန္တလေးအိုးဘိုထောင်မှ လွတ်မြောက်လာသူအချို့ကို မြင်ရပုံ
