မင်းလက်ပံ ကျားဖြန့်ဂိုဏ်းကို KNU စီးနင်းခဲ့ပြီးနောက် စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်ပွားနေ ကျားဖြန့်က သိမ်းဆည်းမိတဲ့ သက်သေတွေကို နိုင်ငံတကာကိုလွှဲပြောင်းပေးဖို့ KNU ပြင်ဆင်

Author CJ Platform
Categories
Published on Nov 27, 2025

ကရင်ပြည် မြဝတီမြို့ မင်းလက်ပံရွာအနီးမှာ စစ်အုပ်စုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲ ဖြစ်ပွားမှုတွေ ဆက်ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံက သိရပါတယ်။

 

အခု နိုဝင်ဘာ ၂၁ ရက်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) လုံခြုံရေးယူပေးထားတဲ့ မင်းလက်ပံအနီးက အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေရှိရာ အဆောက်အအုံနေရာကို KNLA တပ်တွေက ဝင်ရောက် စီးနင်း ခဲ့ပြီးနောက် စစ်အုပ်စုနဲ့ တိုက်ပွဲ ဖြစ်ပွားမှုတွေ ဆက်ရှိနေတာလည်း ဖြစ်ပါတယ်။

 

“ကျားဖြန့်လုပ်ကိုင်နေတဲ့ အနီးနား ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။ စစ်အုပ်စုဘက်က ထိုးစစ်တွေ လုပ်လာတဲ့အပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ၊  ဒါကြောင့် ကျွန်တော်တို့က လက်ရှိအနေအထားအရ တစ်ဖက်က ကျားဖြန့် လုပ်ငန်းကို နှိမ်နင်းရင်းနဲ့ တစ်ဖက်က စစ်အုပ်စု ထိုးစစ်ကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်” လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက CJ Platform ကို ပြောပါတယ်။

 

ကျားဖြန့်ဂိုဏ်းကို KNLA တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန် သိမ်းဆည်းရမိခဲ့တဲ့ ကွန်ပျူတာ၊ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်း ကျွမ်းကျင်သူတွေဆီ လွှဲပြောင်းပေးသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

မင်းလက်ပံရွာအနီးက ကျားဖြန့်ဂိုဏ်းကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက် စီးနင်းမီ စစ်အုပ်စုတပ်ဖွဲ့၊ လက်အောက်ခံ DKBA တပ်ဖွဲ့နဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက မနေ့ နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းအထိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲအတွင်း DKBA ဘက်က တပ်ဖွဲ့ဝင်  ၂၃၀ ကျော် လက်နက်ချ အညံ့ခံ ခဲ့တယ်လို့ သိရပါတယ်။

 

မင်းလက်ပံရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေချိန် DKBA ကလည်း သူတို့ ထိန်းချုပ်ထားတဲ့ ဖလူးလေး၊ ဝေါလေ၊ စုကလိ ဒေသတစ်လျှောက်ကို မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကိုမှ သွားလာခွင့် မပြုဘူးလို့ နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ဒါဟာ မြဝတီမြို့ တောင်ဘက် ဒေသတစ်လျှောက်မှာ စစ်ရေး တင်းမာမှုတွေ ပြန်လည် မြင့်တက်လာနေပြီး စစ်အုပ်စုကလည်း သူတို့ လက်လွှတ်ထားရတဲ့ သေဘောဘိုး၊ ဥကရစ်ထ၊ ကနဲလေး၊ ထီမယ်ဝါးခီး စတဲ့ KNLA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင် လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

 

ဓာတ်ပုံ – KNU