ဘွတ်စိန်ပုကျေးရွာမှာ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့အတွက် လူငှားရမယ်ဆိုပြီး ဒုတိယအကြိမ် ငွေကောက်ခံနေ

Published on Jun 02, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ ဘွတ်စိန်ပု ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဖို့ ရွာမှာ လိုက်မယ့်သူ မရှိတာကြောင့် ငှားထည့်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မေလ ၃၁ ရက်နေ့က တစ်အိမ်ကို ငါးထောင်ကျပ်ဆီ ကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်၊

 

ဘွတ်စိန်ပုကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိ ပြီး အုပ်ချုပ်ရေးမှူး ဦးညွန့်မြိုင်(၆၀)နှစ်ခန့်ဟာ မေလ ၂၀ ရက်ထဲမှာလည်း တစ်အိမ်ကို တစ်သောင်းကျပ်ဆီ ကောက်ခံခဲ့ကာ ခုကောက်ခံတာဟာ ဒုတိယအကြိမ် ကောက်ခံတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရင်တစ်ခါကောက်တဲ့ ပိုက်ဆံကိုလည်း ရာအိမ်မှူးဆီမှာ မင်းတို့ကိုင်ထားပေါ့ သူက ပြောတယ် ရွာထဲမှာ ပေါ်တာဝင်ဆွဲလိမ့်မယ် အဲ့လိုဆွဲတဲ့အခါကျ ပါသွားတဲ့သူရှိရင် အဲ့ငွေကိုထောက်ပံ့မယ် ဘေးကိုငှားထည့်မယ် လို့ပြောတယ် ငွေကောက်တာကလည်း လုပ်လို့ရတဲ့သူကို လုပ်တာပေါ့ ငွေက သူတို့ကိုင်ထားတာ အနီးအနားတော့ ဘယ်မှ မကြားသေးဘူး အဲ့လိုငှားထည့်တယ်ဆိုတာ” လို့ သူကပြောပါတယ်။

 

အလားတူ ရွေးကုန်းအုပ်စုမှာ အုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက မေလ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ စစ်မှုထမ်းအတွက် လူငှားထည့်ဖို့ ပိုက်ဆံကောက်ခံဖို့ အစည်းအဝေးလုပ်ခဲ့ပြီး အုပ်စုကျေးရွာဒေသခံတွေက ပိုက်ဆံမထည့်နိုင်ကြောင်း ပြောဆိုကာ အစည်းအဝေးကိုဖျက်သိမ်းခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

 

“ စစ်မှုထမ်းဖို့ လူငှားထည့်ရမယ်ပေါ့ ဘယ်လောက်ဘယ်ရွေ့ဆိုတာထက် အစည်းအဝေးလုပ်တာ သူတို့က ညီတယ် မထည့်နိုင်ဘူးဆိုပြီး ပြန်ကြလို့ အစည်းအဝေးရုပ်သိမ်းလိုက်ရတယ်” လို့ ဆိုပါတယ်။

 

မင်းလှမြို့နယ်၊ ဂွေးတောက်ကုန်းအုပ်စု၊ သရက်တစ်ပင်ကျေးရွာမှာလည်း တစ်အိမ်ကို ငွေ ၁၀,၀၀၀ ဆီကောက်ခံပြီး ငွေ ၃၅ သိန်းနဲ့ ငှားတယ်လို့ ကောလဟာလ တွေထွက်ပေါ်နေပေမယ့် ဘွတ်စိန်ပုကျေးရွာနဲ့  အနီးအနားကျေးရွာတွေမှာတော့ အခုလိုဖြစ်စဉ်တွေ မရှိသေးဘူးလို့ CJ Platform ရဲ့ ခိုင်မာတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြချက်နဲ့ ငွေကြေးနဲ့တခြားအခွင့်အရေးရယူတဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ဧပြီ ၂ ရက်နေ့က ဗထူးတပ်နယ်ရှိ အောင်ဆန်းခန်းမမှာ ခြေလျင်တပ်စုမှူး သင်တန်းသားတွေ၊ ဗိုလ်လောင်းတွေနဲ့ တွေ့ဆုံစဉ်  အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ပေမယ့် ဘယ်လိုပုံစံတွေနဲ့ အရေးယူသွားမလဲဆိုတာ ပြောသွားခဲ့တာ မရှိခဲ့ဘဲ လက်ရှိမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ စစ်မှုထမ်းအတွက် အကြောင်းပြကာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက ငွေကြေးကောက်ခံမှုတွေ ဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ- pro-SCA

 

ပုံစာ – စစ်ကောင်စီမှ အဓမ္မစစ်မှုထမ်းရန် ခေါ်ယူထားသည့် လူငယ်များကို မြင်ရပုံ