စေတုတ္တရာက ဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရသူ အမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်နေ
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ တက်ကြွစွာ ပါဝင်ခဲ့သူတစ်ဦးကို စေတုတ္တရာမြို့နယ်အဖွဲ့အစည်းက ဒလန် လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာ သတ်ဖြတ်ခံခဲ့ရတဲ့ အမှုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ဖြစ်စဥ်အနေနဲ့ ၂၀၂၄ စက်တင်ဘာ ၆ ရက်နေ့မှာ စေတုတ္တရာမြို့နယ်၊ ပန်းအိကျေးရွာက ဒေသခံ ဦးမြင့်ဆွေဆိုသူကို စေတုတ္တရာမြို့နယ် ပကဖခေါင်းဆောင်က စစ်အုပ်စုသတင်းပေးလုပ်သူ အရပ်အခေါ် ဒလန်လို့ စွပ်စွဲဖမ်းဆီးကာ တစ်နှစ်ကျော်အကြာ ထိန်းသိမ်းပြီးနောက် အခုနှစ် ၂၀၂၅ အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ အချုပ်ခန်းကနေ ထွက်ပြေးတယ်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဒီအခြေနေအတွက် မကွေးတိုင်း ပကဖ အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက
“ခေါ်ယူထားတာ မဟုတ်ပေမယ့် စစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်၊ အမှု စစ်ဆေးနေပါပြီ” လို့ ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ CJ Platform ကို ပြောခဲ့ပါတယ်။
ဦးမြင့်ဆွေဟာ စစ်အာဏာမသိမ်းမီ ကာလကတည်းက ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ခဲ့သလို နွေဦးတော်လှန်ရေး စတင်ချိန်မှာလည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့စည်းတွေ ပေါ်ပေါက်လာနိုင်ရေးအတွက် ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူနဲ့အတူ လက်တွဲလုပ်ကိုင်ဖူးတဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦး ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒေသခံတွေရဲ့ အဆိုအရတော့ ဦးမြင့်ဆွေနဲ့ မြို့နယ် ပကဖခေါင်းဆောင် ဦးကျော်လွင်ဦးတို့ကြားမှာ ရပ်ရွာစာသင်ကျောင်း ပြန်ဖွင့်ရေးကိစ္စနဲ့ နွားအငှားသုံးတာ တွေမှာ သဘောထား ကွဲလွဲတာတွေရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါကြောင့်ပဲ စစ်အုပ်စုနဲ့ ဆက်စပ်တဲ့ မြစိမ်းရောင် ချေးငွေလုပ်ငန်း လုပ်ကိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုသတင်းပေး ဖြစ်တယ်လို့ ဆိုကာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးမြင့်ဆွေကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက် ညပိုင်းမှာ မြို့နယ် ပကဖ ရဲဘော်တွေဟာ လက်နက်တွေနဲ့အတူ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း လုပ်ဆောင်ခဲ့ပြီး မြစိမ်းရောင်လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ ပြည်ပက သားသမီးတွေ ပို့ထားတဲ့ ကျပ်သိန်း ၄၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေကို ပါ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
“အိမ်ကို ဝင်တုန်းက တမိသားစုလုံးကို—၁၀ နှစ်အရွယ် ကလေးကိုပါ— ‘နှုတ်မလုံရင် လာသတ်မယ်’ လို့ ခြိမ်းခြောက်ခဲ့တော့ စိုးရိမ်ကြောက်ရွံ့နေကတာမျိုး ရှိပါတယ်” လို့ ဦးမြင့်ဆွေရဲ့ သားဖြစ်သူက CJ Platform ကို ပြောပါတယ်။
ဖမ်းဆီးခဲ့ရာမှာတော့ မြို့နယ် ပကဖ ဦးကျော်လွင်ဦးရဲ့ အမိန့်အရ ရဲဘော်တွေက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးရတယ်ဆိုတာ တိတိကျကျ မသိခဲ့ရလို့ သိရပါတယ်။
ဖမ်းဆီးခံပြီးနောက် စစ်ဆေးမှုတွေလုပ်ရာမှာလည်း ဦးမြင့်ဆွေဟာ စစ်အုပ်စုနဲ့ ပက်သက်တယ်လို့ ခိုင်လုံတဲ့ အထောက်အထားမရှိဟု တွေ့ရှိခဲ့တာကြောင့် ရေးရာတာဝန်ခံတချို့က ခံဝန်နဲ့ ပြန်လွှတ်ဖို့ အကြံပြုခဲ့ပေမယ့် ဦးကျော်လွင်ဦးဟာ သူ့အာဏာနဲ့ ပယ်ချခဲ့တယ် လို့ ပကဖနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ CJ Platform က ဦးမြင့်ဆွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းရေးသားပြီးနောက်မှာလည်း မြို့နယ် ပကဖ ရေးရာတာဝန်ခံတွေက ဒုတိယအကြိမ် ထပ်မံ အကြံပြုခဲ့ကြပေမယ့် တာဝန်ခံအကြီးအကဲ မလိုက်လျောမှုကြောင့် ရေးရာတာဝန်ခံတွေနဲ့ ရဲဘော်အများစု တစ်ဖွဲ့ ၊ တာဝန်ခံနဲ့ ဒုတာဝန်ခံအနည်းစု တစ်ဖွဲ့ စသဖြင့် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အခု ၂၀၂၅ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ဦးမြင့်ဆွေရဲ့ ဘဝဖြတ်သန်းမှုအပါအဝင် အမှုဖြစ်စဉ်အစအဆုံးကို CJ Platform သတင်းဆောင်းပါး ရေးသားတင်ဆက်ပြီးနောက်မှာ အခုလို အမှုစတင်စစ်ဆေးဖို့ ပြင်ဆင်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခံရသူ ဦးမြင့်ဆွေကို မြင်ရပုံ
