ငလျင်ဘေးသင့်ကာလမှာ မကွေးတိုင်းက လူငယ်တွေ ပေါ်တာဆွဲခံနေရ

စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် ပြည်သူတွေဒုက္ခရောက်နေချိန်မှာ မကွေးတိုင်းအတွင်းက လူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မကွေးတိုင်းအတွင်းက မကွေးမြို့၊ နတ်မောက်မြို့နဲ့ ရေနံချောင်းမြို့တွေမှာ စစ်မှုထမ်းအပတ်စဉ်အတွက် စစ်ကောင်စီက ပေါ်တာဆွဲတာတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
မကွေးမြို့ဘက်မှာဆိုရင် မြို့ခံတွေဟာ ယခုလိုငလျင်ဘေးသင့်ကာလမျိုးမှာတောင် စစ်မှုထမ်းအပတ်စဉ်အတွက် တစ်အိမ်ကို ၁၀၀၀၀ ပေးနေရသလို၊ ပေါ်တာဆွဲခံရတာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ မကွေးမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
“မြို့ပေါ် ရပ်ကွက်နဲ့ ရွာတွေဘက် ဆွဲချင်တဲ့နေရာ ဆွဲတာ ခွေးရူးလိုဘဲ။ တစ်အိမ် တစ်သောင်းကတော့ လတိုင်းပေးရ။ ရာအိမ်မှူးတွေ လုပ်စားနေတာ မဖြစ်မနေ ပေးရတာ၊ လတိုင်းပေးရတာ”လို့ မကွေးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
နတ်မောက်မြို့ဘက်မှာဆိုရင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ နယ်ထိန်းရဲနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တို့က ပူးပေါင်းပြီး နေ့စဉ်နဲ့အမျှ ပေါ်တာဆွဲတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပေါ်တာဆွဲခံရသူတွေကို ငွေနဲ့ပြန်ရွေးခိုင်းတာရှိပြီး မရွေးနိုင်သူတွေကိုတော့ စစ်မှုထမ်းဖို့အတွက် တောင်တွင်းကြီးဘက်က လေ့ကျင့်ရေးကျောင်းကို ပို့တာရှိတယ်လို့ နတ်မောက်မြို့ခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“နေ့စဥ်နဲ့အမျှ တစ်နေ့မှ အလွတ်မပေးပါဘူး။ နေ့ဆိုရင် လမ်း၊ မြို့ဝင်ဂိတ်၊ မြို့လယ်က စျေးပတ်ဝန်းကျင်၊ လမ်းစုံ၊ လမ်းခွ မကျန်။ ညဆိုရင်လည်း အစွန်အဖျား ရပ်ကွက်တွေကို ညစဥ် လူငယ်တွေ နေအိမ်အတွင်းကို ဝင်ရောက်ဆွဲနေကြတာ”လို့လည်း သူကဆိုပါတယ်။
ငွေနဲ့ပြန်ရွေးခိုင်းရာမှာ တစ်ဦးကို သိန်း ၁၀၀နဲ့အထက်တောင်းပြီး အုပ်ချုပ်ရေး၊ နယ်ထိန်းရဲနဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ငွေကောင်းနေတယ်လို့လည်း သိရပါတယ်။
“ပြည်သူတွေကို နေ့စဥ်နှင့်အမျှ ဒုက္ခမျိုးစုံ ပေးကောင်းနေကြဆဲပါ။ အသက်ပြည့် လူငယ်တွေကလည်း မရှိသလောက် ကုန်နေပါပြီ”လို့လည်း နတ်မောက်မြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။
အလားတူ ရေနံချောင်းမြို့ဘက်မှာလည်း နေအိမ်တွေထဲအထိ ပေါ်တာဆွဲခံရတာတွေရှိနေပြီး၊ ပေါ်တာဆွဲခံရသူအချို့ဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းဘက်မှာ စစ်သင်တန်း သွားတက်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်မှူထမ်းတွေတော့ ဆွဲနေတယ်။ အပါတ်စဉ်တစ်ခုတိုင်းအတွက် အမြဲဆွဲတာ။ အိမ်တွေထဲထိဝင်ဆွဲတာပေါ့။ ဘာလုပ်နိုင်မှာလဲ”လို့ ရေနံချောင်းမြို့ခံ အမျိုးသမီးတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
သူမရဲ့ အသိဖြစ်သူမှာလည်း အလုပ်သွားလုပ်ရင်း ပေါ်တာဆွဲခံရလို့ ပင်လောင်းမှာ စစ်သင်တန်း ၃လ တက်ခဲ့ရသေးတယ်လို့လည်း သူမက ဆက်ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီကအသက်သွင်းခဲ့ပြီးနောက်ပိုင်း၊ အပတ်စဥ် တစ်ခုကို လူဦးရေ ၅၀၀၀ ခေါ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာဆိုရင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂)ကို ရောက်ရှိပြီဖြစ်တဲ့အတွက် လူငယ် ၆သောင်းလောက်ဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေပြီလို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂)ကို ဧပြီလ ၂၂ရက်မှာ စတင် သင်တန်းဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – pro-SAC
ပုံစာ – နေပြည်တော်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပနေပုံ