ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းကို ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ပြီး ရဲငါးဦးသေဆုံးကာ လူ ဒါဇင်နဲ့ချီ ဒဏ်ရာရ

Author CJ Platform
Categories
Published on Nov 26, 2024

ထောင်ချခံထားရတဲ့ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ထောက်ခံသူထောင်ချီက ပြန်လွှတ်ပေးဖို့ ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်‌ မနက်ပိုင်းမှာ မြို့တော် အစ္စလမ်မာဘတ်ဆီ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ထောင်နဲ့ချီတဲ့လူအုပ်ကြီးဟာ လုံခြုံရေးအတားအဆီးတွေကို ချိုးဖျက်ကျော်လွှားခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြရင်း ရုန်ုးရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

အဲဒီမှာ ရဲနဲ့ စစ်ဘက်ဆိုင်ရာဘက်က အနည်းဆုံး အဖွဲ့ဝင် ငါးဦး သေဆုံးခဲ့သလို ဒါဇင်နဲ့ချီတဲ့ လူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

 

အင်မရန်ခန်းက သူ့ရဲ့ပါတီ Pakistan Tehreek-e-Insaf(PTI)ကိုထောက်ခံသူတွေအနေနဲ့ လွှတ်တော်ရှေ့ကို ချီတက်ပြီး ထိုင်သပိတ်လုပ်ရင်း သူ့ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေလုပ်ကြဖို့ ပြောကြားလိုက်ပြီးနောက် လွန်ခဲ့တဲ့သုံးရက်ကတည်းက အာဏာပိုင်တွေဟာ မြို့တော်ကို လုံခြုံရေးတိုးမြှင့်ချထားပြီး အတားအဆီးတွေနဲ့ ပိတ်ဆို့မှုတွေကို လုပ်ဆောင်ထားပါတယ်။

 

ဒီကနေ့ မနက်ပိုင်းမှာတော့ ခန်းကိုထောက်ခံသူထောင်ပေါင်းများစွာက အနီရောင်ဇုန်လို့‌ခေါ်တဲ့ လွှတ်တော်နဲ့ သံတမန်ဆိုင်ရာ အဆောက်အအုံတွေရှိရာ မြို့လယ်ကို ချီတက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဝင်ရောက်ရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာပါ။

 

အဆိုပါ ဧရိယာတဝိုက်ကို အတားအဆီးတွေ၊ ကွန်တိန်နာတွေနဲ့ ခံတပ်သဖွယ်ပြင်ဆင်ပြီး ရဲတပ်ဖွဲ့တွေကလည်း အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာတွေ အပြည့်အစုံဝတ်ထားပြီး ပိတ်ဆို့ထားတာလို့လည်း သိရပါတယ်။

 

အခုဆန္ဒပြပွဲကို မကြာသေးခင်ကမှ‌ ထောင်ကလွတ်လာတဲ့ ခန်းရဲ့ ဇနီး ဘူရှရာဘီဘီနဲ့ ခန်းရဲ့ အဓိကလက်ထောက်ဖြစ်တဲ့ ခိုင်ဘာပတ်ထွန်ခွာပြည်နယ်ရဲ့ ဝန်ကြီးချုပ်နဲ့ PTI ပါတီရဲ့ အမာခံဖြစ်သူ အလီအမင် ဂန်ဒါပါရ်တို့က ဦးဆောင်စီစဉ်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

 

ပြည်ထဲရေးဝန်ကြီး မိုဆင်းနက်ဗီကတော့ ခန်းကိုထောက်ခံသူတွေကို အနီရောင်ဇုန်ဆီ ချီတက်ရောက်ရှိလာဖို့ ခွင့်ပြုသွားမှာမဟုတ်ဘဲ လိုအပ်လာရင် စစ်တပ်ကို အသုံးပြုတာ၊ ညမထွက်ရအမိန့်ထုတ်တာတွေလိုမျိုး ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။

 

PTI ပါတီကတော့ ဆန္ဒပြချီတက်မှုရဲ့ အဓိကရည်ရွယ်ချက်ဟာ မတရားထောင်သွင်းအကျဉ်းချခံထားရတဲ့ မစ္စတာခန်းကို ပြန်လွှတ်ပေးဖို့ဖြစ်ပြီး သူ့အပေါ်စွဲဆိုထားတဲ့ အမှုပေါင်းရာနဲ့ချီဟာလည်း နိုင်ငံရေးပြိုင်ဘက်တွေရဲ့ လုပ်ကြံဖန်တီးထားခြင်းသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

အာဏာပိုင်တွေဘက်က အတားအဆီးတွေကို‌ ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဆန္ဒပြလူအုပ်ကို ရာဘာကျည်ဆန်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး PTI ပါတီကတော့ အခုလို အကြမ်းဖက်ဖြိုခွင်းမှုကို ပြစ်တင်ရှုတ်ချခဲ့သလို “သူတို့တွေ(လုံခြုံရေးတပ်ဖွဲ့ဝင်တွေ)က ကျည်ဆန်အစစ်တွေသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာပါ” လို့ ခန်းရဲ့ လက်ထောက်တစ်ဦးဖြစ်တဲ့ ရှာကွတ်ယူဆွတ်ဇိုင်က Geo News ကို ပြောပါတယ်။

 

ဒါ့အပြင် အာဏာပိုင်တွေဘက်က ဆန္ဒပြသူ ၈၀ ဝန်းကျင်ကို ဖမ်းဆီးထားတယ်လို့ ပြောဆိုပေမဲ့ PTI ပါတီကတော့ နိုင်ငံတဝန်းကနေ မြို့တော်ဆီကို ချီတက်လာကြတဲ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံထားရတာ ငါးထောင်ဝန်းကျင်ရှိတယ်လို့လည်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

 

လက်ရှိ မြို့တော်အစ္စလမ်မာဘတ်မှာ လူစုဝေးခွင့်ကို ပိတ်ပင်ထားသလို မြို့တော်ကပ်လျက်က ရာဝယ်လ်ပင်ဒီမြို့က စာသင်ကျောင်းတွေလည်း ပိတ်ထားတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

 

အခုတစ်ကြိမ်ချီတက်ဆန္ဒပြမှုကို မစ္စတာခန်းက “နောက်ဆုံးခေါ်သံ” လို့ ခေါ်ဆိုခဲ့ပြီး ဒါဟာ သူလွတ်မြောက်ရေးအတွက် သူအဖမ်းခံခဲ့ရတဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းကစလို့ သူ့ကိုထောက်ခံသူတွေရဲ့ နောက်ထပ်ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း မြို့တော် အစ္စလာမ်မာဘတ်အနီးကို ချီတက်ဆန္ဒပြမှုတွေရှိခဲ့ပြီး အကြမ်းဖက်မှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Aamir Qureshi/AFP/ Getty Images

 

ပုံစာ – ရဲတပ်ဖွဲ့ဝင်တွေပစ်ခတ်တဲ့ မျက်ရည်ယိုဗုံးတွေကို ရဲတပ်ဖွဲ့ဝင်တွေရှိရာဆီ ပြန်ပစ်ဖို့ ကြိုးပမ်းနေတဲ့ ဆန္ဒပြသူတွေကို တွေ့ရစဉ်

 

ကိုးကား – The Guardian

 

Related News

Depend on news