မြိုင်နယ်က စစ်ကောင်စီအားကောင်းတဲ့ ရွာများအပြင် အနီးကျေးရွာက အိမ်ထောင်စု ၂၀၀ ကျော် လွတ်မြောက်နယ်မြေတွေဆီ ခိုလှုံ ထန်းတက်၊ စိုက်ပျိုးရေးလုပ်ငန်းတို့ဖြင့် ဝမ်းရေးဖြေရှင်းနေကြ

Author မင်းထက်
Categories
Published on Jul 24, 2024

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ပျူ အားကောင်းတဲ့ ရွာများအပါအဝင် အနီးနား ကျေးရွာများက စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော် တော်လှန်ရေးအင်အားစုများရဲ့ လွတ်မြောက်နယ်မြေတွေမှာ လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီလက်အောက်ခံတွေနဲ့ အတူမနေလိုသူတွေနဲ့ ၎င်းတို့ဒဏ်ကို မခံနိုင်သူ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတာ ကာလရှည်ကြာနေပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“၀က်ပုပ်က ဒေသခံတွေဆို တစ်နှစ်ကျော်ပြီ။ ကျွန်တော်တို့ စိုးမိုးနယ်မြေ ကျေးရွာတွေမှာ လာနေကြတာ။ ကျွန်တော်တို့နားက အခြားပျူတွေလည်း အဲဒီလိုပဲ တိမ်းရှောင်​နေကြတယ်။ အိမ်ထောင်စု နှစ်ရာကျော်တယ်။ လူဦးရေတော့ အတိအကျ စာရင်းမကောက်ယူမိဘူး” လို့ ၎င်းက ပြောပါတယ်။

 

မြိုင်မြို့နယ်ရှိ ပျူများအခြေစိုက်တဲ့ တွင်းမနဲ့ သရက်ကန် နှစ်ရွာကြားက နှမ်းဆီကန်နဲ့ သာစည်ရွာတို့က ပြည်သူတွေဟာ စစ်ကောင်စီလက်အောက်ခံတွေဒဏ်မခံနိုင်လို့ တိမ်းရှောင်​နေကြရသလို ၀က်ပုပ်ကျေးရွာက ဒေသခံတွေဟာလည်း ပျူ၊ စစ်သားတွေနဲ့ ယှဥ်တွဲမနေလိုတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

၎င်းတို့ကို တော်လှန်ရေးအင်အားစုက ထောက်ပံ့ကူညီပေးသလို စစ်ရှောင်တွေကလည်း ထန်းတက်၊ ထန်းလျက်ချက်ကြတဲ့အပြင် တိမ်းရှောင်အခြေချရာနေရာများရှိ ရွာခံတွေက လိုလိုလားလား နေရာချထားပေးတဲ့ မြေနေရာတွေမှာ စိုက်ပျိုးရေးလုပ်ငန်းတွေပါ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

 

ဇူလိုင်လ ၂၁ ရက်နေ့မှာ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာ စစ်တပ်အထိုင်စခန်းမှထွက်လာတဲ့ ပတ်ကင်းတပ်သား ခုနှစ်ဦးကို အညာမြေတပ်ပေါင်းစုက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ- WMMT Community Clinic and Charity