စစ်အုပ်စုရဲ့ ကြို့ပင်ကောက် စစ်ဆေးရေးဂိတ်ပစ်ခတ်ခံခဲ့ရပြီး ၅ ဦးသေဆုံး

Author CJ Platform
Categories
Published on Nov 24, 2025

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တစ်နေရာက စစ်ဆေးရေးဂိတ်ကို PDF တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စု လက်အောက်ခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့က နိုဝင်ဘာ ၂၃ ရက်နေ့၊ မနံနက် ၁၀ နာရီခန့်မှာ ကြို့ပင်ကောက်မြို့အနီး စစ်ဆေးရေးဂိတ်မှာ ဒုရဲအုပ်တစ်ဦးနှင့် ပျူစောထီးတွေဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် PDF တပ်ဖွဲ့ဝင်တွေက လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ပစ်ခတ်မှုကြောင့် စစ်အုပ်စုလက်အောက်ခံ ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ပစ်ခတ်မှုဖြစ်ပြီးနောက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ကြို့ပင်ကောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသိန်းနဲ့ ကပစ ၅ က ဗိုလ်မှူး စိုင်းခန့်နိုင်အပါအဝင် အင်အား ၃၀ ခန့်က ပစ်ခတ်မှုဖြစ်တဲ့နေရာကို ရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

စစ်အုပ်စုရဲ့ သတင်းဖော်ပြချက်မှာတော့ အဲဒီ စစ်ဆေးရေးဂိတ်မှာ ဒုရဲအုပ် ကျော်ဇင်ထွန်း ဦးစီးပြီး ရဲတပ်သားတစ်ယောက်အပြင် ပလကဖ လို့ ခေါ်တဲ့ အရပ်အခေါ် ပျူစောထီး လေးဦးနဲ့ စစ်ဆေးမှုတွေလုပ်ဆောင်ရာနေရာကို FAW ကားတစ်စီးနဲ့ အင်အား ၁၅ ဦးခန့်ပါ PDF တပ်သားတွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

ဖြစ်စဉ်နေရာ ရှင်းလင်းခဲ့ရာမှာတော့ ဘီအေ-၆၃ (၁) လက်၊ ဘီအေ-၆၄ (၁) လက်၊ အမ်အေ-၁၃ (၁) လက် ပျောက်ဆုံးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့စည်းတွေဘက်က တစုံတရာ ထုတ်ပြန်လာတာကိုတော့ မတွေ့ရသေးပါဘူး။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ဇီးကုန်းမြို့၊ ရန်ကုန်-ပြည်ကားလမ်းမဘေး၊ ဝက်ကော်ကျေးရွာက HEAVEN KTV မှာ ပျူစောထီးအဖွဲ့ဝင်တွေ သီချင်းဆိုပျော်ပါးနေစဉ် တော်လှန်ရေးတပ်သားတွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်အုပ်စုလက်အောက်ခံ ၅ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်