NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာကို တာဝန်ကနေ ယာယီရပ်နားထား၊ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်

Author CJ Platform
Categories
Published on Nov 24, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ ဦးညီညီမင်းတို့ စစ်ဆေးအရေးယူပေးဖို့ တိုင်ကြားမှုအပေါ် NUG အစိုးရအဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဒေါ်ကြည်ပြာကိုလည်း ရာထူးကနေ ယာယီရပ်နားထားတယ်လို့ NUG က ဒီနေ့ နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်မှု၊ အလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ ဝန်ထမ်းတွေအပေါ်နဲ့ တော်လှန်ရေးအစိုးရအတွင်း မလျော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ကို လိပ်မူပြီး ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်း ၁၂ ဦးက နိုဝင်ဘာ ၁၉ ရက်မှာ တိုင်ကြားခဲ့တာပါ။

 

NUG စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ ဆောင်ရွက်ဖို့ရှိတဲ့ လုပ်ငန်းတွေကို စတင် ဆောင်ရွက်နေပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

NUG အစိုးရအဖွဲ့ရဲ့ အခုထုတ်ပြန်ချက်အပေါ် အပြည့်အဝ ကြိုဆိုကြောင်းနဲ့ အခုလို ဆောင်ရွက်တဲ့အခါ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ တိုင်ကြားသူတွေထဲမှာ ပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ နစ်နာသူတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့က အပြည့်အဝ ကြိုဆိုတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိ၊ သမာသမတ်ကျကျနဲ့ ဆောင်ရွက်ပေးနိုင်မယ်လို့လည်း ကျွန်တော်တို့က မျှော်လင့်ထားတယ်။ ဒီအထဲမှာ ဘယ်သူတွေပါဝင်လဲဆိုတာတော့ ကျွန်တော်တို့လည်း အခုထိတော့ မသိရသေးပါဘူး” လို့ တိုင်ကြားမှု ပါဝင်တဲ့ နစ်နာသူတစ်ဦးက ပြောပါတယ်။

 

ဝန်ကြီးချုပ်ရုံး ဝန်ထမ်းဟောင်းတွေရဲ့ တိုင်ကြားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ NUG အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကိုသာ တွေ့ရှိရသေးပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ဘက်က တိုင်ကြားထားတဲ့ နစ်နာသူတွေကို ဆက်သွယ်လာတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

 

အခု တိုင်ကြားမှုအပေါ် NUG အစိုးရအဖွဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ စုံခုံဖွဲ့စစ်ဆေးမှာကို ကြိုဆိုကြောင်းနဲ့ နစ်နာသူတွေအနေနဲ့ ဟုတ်တိုင်းမှန်ရာ ထွက်ဆိုပြီး အဖြစ်အပျက်တွေကို တင်ပြကာ အချက်အလက်တွေကို ပေးပို့သွားမယ်လို့ တိုင်ကြားစာမှာ ပါဝင်တဲ့ နောက်ထပ် နစ်နာသူတစ်ဦးကလည်း ပြောပါတယ်။

 

စုံစမ်းစစ်ဆေးမှုကာလအတွင်း အဖြစ်အပျက်အားလုံးအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ မျှတမှုရှိမရှိကိုလည်း ပြည်သူလူထုနဲ့ မီဒီယာဆီ အသိပေးသွားမယ်လို့လည်း သူက ပြောပါတယ်။

 

တိုင်ကြားစာအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေစဉ်အတွင်း တိုင်ကြားခံရသူအားလုံးကို နိုဝင်ဘာ ၂၂ ရက်နေ့ကစပြီး တာဝန်ကနေ ယာယီရပ်နားထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး နှစ်ဦးနှစ်ဖက် သက်သေတင်ပြမှုတွေ၊ စစ်ဆေးဖို့လိုအပ်တဲ့ သက်သေတွေကိုလည်း ခေါ်ယူစစ်ဆေးပြီး တွေ့ရှိချက်၊ အကြံပြုချက်တွေကိုလည်း ဝန်ကြီးချုပ်ထံ ဆက်လက်တင်ပြသွားမယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – ဒေါ်ကြည်ပြာကို ရန်ကုန်တိုင်းလွှတ်တော်အတွင်း မြင်ရပုံ (ပုံဟောင်း)