ဘုတလင်က စစ်ကြောင်းရန်ကြောင့် ဒေသခံသောင်းချီ ဘေးလွတ်ရာတိမ်းရှောင်

Author မင်းထက်
Categories
Published on Oct 24, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်း ဝင်စီးနေလို့ ဒေသခံ သောင်းချီပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အဲဒီဒေသခံစစ်ဘေးရှောင် ကူညီနေသူတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့က ကူတော်ရွာကနေ ဘုတလင်မြို့ပေါ်ကို အသွား လမ်းခုလတ်ကွင်းပြင်မှာ အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းတစ်ခု ပျက်တဲ့အထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

 

ဒါကြောင့် အခုစစ်ကြောင်းဟာ အဲဒီအနီးနားက ကျေးရွာတွေကို အောက်တိုဘာ ပထမပတ်အတွင်းကစပြီး အရပ်သားပြည်သူတွေအပေါ် ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာနဲ့ လူသားဒိုင်းလုပ်ဖို့ ခေါ်ဆောင်တာတွေ ပြုလုပ်ခံနေရတယ်လို့ သိရပါတယ်။

 

လတ်တလော စီပါ၊ တက်လှိုင်း၊ ပဲပြစ်တော၊ မြောက်ကျီ၊ ရွာရှည်၊ ကျို့ကုန်း၊ ငပုယင်း၊ ကြွက်သေချောင်း၊ မောင်းထောင်၊ ဆယ်ဝ၊ သပြေပင်၊ ရှမ်းတဲ၊ ရွာသာ၊ ဖျောက်ဆိတ်ကုန်း၊ ညောင်ကန်၊ စိုင်ပြင်လေး၊ လွှဲတဲ၊ ဒန်းတိုင် စတဲ့ကျေးရွာတွေအပါအ၀င် ရွာ ၂၀ လောက်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတာလို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့ဆီကနေ သိရပါတယ်။

 

“နီးစပ်ရာကျေးရွာ ဘုန်းကြီးကျောင်း စာသင်ကျောင်းတွေမှာနေကြပါတယ်။ ကိုယ်တိုင်ချက်ပြုတ်စားကြသလို ဘုံချက်ကျွေးတာလည်းရှိပါတယ်” လို့ အဲဒီအဖွဲ့ရဲ့ ဘုတလင်မြို့နယ် တာဝန်ခံ မခင်ဝတီက CJ Platform ကို ပြောပါတယ်။

 

ဒါပေမဲ့ သူမအနေနဲ့ စစ်ဘေးရှောင်အရေအတွက်အတိအကျကိုတော့ မပြောနိုင်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၄ ရက်မှ ဒီကနေ့အထိ ရက် ၂၀ ကျော်အတွင်း ဘုတလင်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၄ ယောက်ရှိပြီဖြစ်ပြီး နေအိမ် ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရတယ်လို့ Budalin Mobile Team အဖွဲ့ဆီကနေ သိရပါတယ်။

 

အဲဒီကစစ်ရှောင်တွေ တိမ်းရှောင်နေရတာ ရက်အတန်ကြာပြီဖြစ်တာကြောင့် သူတို့အတွက် ဆန်၊ ဆီ၊ စားနပ်ရိက္ခာတွေအပါအဝင် မိုးကာ၊ ဆေးဝါးစတဲ့ လူသားချင်းစာနာမှုအထောက်အပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

 

“မီးတင်(ရှို့)ခံရတာရောဆိုတော့ အကုန်လိုအပ်ချက်ရှိပါတယ်။ လက်ရှိနေထိုင်စားသောက်ရေးအတွက်ရော အားလုံးအစစအရာရာ လိုအပ်ချက်တွေ ရှိနေတာပါ” လို့ အဲဒီက စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် စစ်ရှောင်တွေအကြား အအေးမိရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေး၊ ဖျားနာတာနဲ့ သွေးတိုးတာ စတဲ့ရောဂါဝေဒနာတွေ ခံစားနေကြရတယ်လို့လည်း အကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စီပါကျေးရွာက ပြည်သူခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြေ၊ လက်နဲ့ ခေါင်းတွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ခြံစည်းရိုးမှာ စိုက်ထားခဲ့တဲ့ဖြစ်စဉ်ကြောင့် ဘုတလင်နယ်အတွင်းက ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွားထိခိုက်စေပြီး စိတ်မလုံခြုံမှုတွေခံစားနေကြရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

 

စစ်ကောင်စီတပ်ကြောင့် ဘုတလင်တစ်မြို့နယ်လုံးမှာ စစ်ဘေးရှောင်နေရသူ တစ်သိန်းကျော်ရှိပြီး သူတို့ဟာ လိုအပ်များစွာရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်