ပလက်ဝ-လောက်တလိုင်လမ်းကြောင်းမှ အခြေခံစားသောက်ကုန် ပြန်တင်သွင်းခွင့်ပြု

Author ဆလိုင်း
Categories
Published on Jul 23, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်မှ မြန်မာဘက်ကို ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ထားရာကနေ စက်သုံးဆီကလွဲပြီး အခြေခံစားသောက်ကုန်များ ပြန်လည်တင်သွင်းခွင့်ရပြီလို့ ကုန်သွယ်နေသူများထံမှ သိရပါတယ်။

 

ပလက်ဝ-လောက်တလိုင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မြန်မာပြည်ထဲ တင်ပို့မယ့် ကုန်ပစ္စည်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က လောက်တလိုင်ခရိုင် ဒေသတွင်း လူငယ်အရပ်ဘက်အဖွဲ့ CYLA က ရက်အကန့်သတ်မရှိ ပိတ်ထားလိုက်တာဖြစ်ပါတယ်။

 

တစ်လနီးပါး ပိတ်ထားတဲ့လမ်းကြောင်းကနေ ယခုအခါ စက်သုံးဆီကလွဲပြီး အခြေခံစားသောက်ကုန် ပစ္စည်းတွေ ပုံမှန်အတိုင်း ပြန်လည်တင်သွင်းခွင့်ရပြီလို့ ပလက်ဝဒေသခံ ကိုခူမီးက CJ Platform သို့ ပြောပါတယ်။

 

“စားသောက်ကုန်တွေ၊ အဝတ်အထည်တွေက ပြန်တင်သွင်းလို့ ရပါပြီ။ ဒါပေမဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေက တင်သွင်းလို့မရသေးဘူး။ နယ်စပ်တလျှောက်မှာ CYLA အဖွဲ့တွေက လုံခြုံရေးယူပြီး စစ်ဆေးတာတွေတော့ ရှိသေးပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

လောက်တလိုင်ခရိုင်ကနေ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်၊ ဆီ၊ ငရုတ်သီးခြောက်၊ မုန့်မျိုးစုံနဲ့ အဝတ်အထည်တို့ကို ရေလမ်း၊ ကုန်လမ်းတို့ဖြင့် မြန်မာပြည်ဘက်ကို တင်သွင်းကြတာဖြစ်ပါတယ်။

 

လက်ရှိ အဆိုပါ လမ်းကြောင်းမှ အခြေခံစားသောက်ကုန်တွေ ပြန်လည်တင်သွင်းခွင့်ပြုတဲ့အတွက် နယ်စပ်မှာ ကုန်ကားနဲ့ ဟွန်ဒါစက်လှေတို့ဖြင့် စည်းကားလျက်ရှိတယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – CJ

 

ပုံစာ – ပလက်ဝ-လောက်တလိုင် နယ်စပ်တစ်နေရာကို တွေ့ရစဥ်