မြန်မာမှာ ကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲကို ဖျက်သိမ်း၊ အိမ်ရှင်ပြန်ရွေးမယ်လို့ဆို

Author လင်းနွေဦး
Categories
Published on May 23, 2024

မြန်မာက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရထားတဲ့ Miss Grand International 2024 ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း Miss Grand International အဖွဲ့အစည်းက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

နိုင်ငံတကာအလှမယ်တွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ Miss Grand International ပြိုင်ပွဲကို အစောပိုင်း မဲနှိုက်ရွေးချယ်မှုတွေအရ ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံက လာမယ့်အောက်တိုဘာလအတွင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတာပါ။

 

ပြိုင်ပွဲကျင်းပဖို့ ငါးလလောက်အလိုမှာပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေများစွာပြုလုပ်ထားတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံတကာအလှမယ်ပြိုင်ပွဲတစ်ခုဖျက်သိမ်းခံရတာဖြစ်ပါတယ်။

 

“ခုက နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့်လည်းပါမယ်ထင်တယ်။ မြန်မာကိုယ်စားပြု အလှမယ်ကလည်း တခြားနိုင်ငံမှာဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ကလည်း အခက်အခဲတွေရှိတယ်ကြားတယ်။ စီစဉ်ကျင်းပတဲ့ Organization ဘက်ကလည်း အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားလို့ ခုလိုဆုံးဖြတ်တာလို့ သိထားတယ်။ အသေးစိတ်ကတော့ ဘာလဲဆိုတာသေချာမသိရသေးဘူး” လို့ Miss Grand International Myanmar အဖွဲ့အစည်းနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အဲဒီပွဲကို မြန်မာဘက်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ ကနဦးစီမံထားတယ်လို့ သူ့ဆီကနေ သိရပါတယ်။

 

အခုလို Miss Grand International က ပြိုင်ပွဲဖျက်သိမ်းတယ်လို့မကြေညာမီ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဟွန်ဒူးရပ်စ်နိုင်ငံ ကိုယ်စားပြုခွင့်ရ အလှမယ် ဆယ်စီလီယာ ဂါစီယာ(Cecilia Garcia)က မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု မရှိသေးတာကြောင့် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆိုသလို မြန်မာနိုင်ငံက ပြည်သူတွေ အေးချမ်းမှုရှိစေဖို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြောင်း သူမရဲ့ လူမှုကွန်ရက်ကနေ တရားဝင်ထုတ်ပြန်ထားခဲ့တာပါ။

 

ယခုလို ကနဦးစီမံထားတဲ့ မြန်မာနိုင်ငံက Miss Grand International 2024 ပြိုင်ပွဲကို အိမ်ရှင်အနေနဲ့ လက်ခံကျင်းပတော့မှာ မဟုတ်တော့တဲ့အတွက် ဘယ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်ဆိုတာကိုတော့ မကြာခင် ထပ်မံကြေညာပေးမှာဖြစ်တယ်လို့ Miss Grand International အဖွဲ့အစည်းရဲ့ ကြေညာချက်အတွင်း ပါရှိပါတယ်။

 

Miss Grand International ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အနေနဲ့ အလှမယ် သဲစုညိမ်းက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့ Miss Grand International 2023 ခုနှစ်အတွက် ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲကိုတော့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် အလှမယ် နီနီလင်းအိမ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး 1st Runner Up ဆုအပါအဝင် ဆုသုံးဆု ရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ- GRAND MGI

 

ပုံစာ – Miss Grand International 2024 ခုနှစ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားသည့် မြန်မာအလှမယ် သဲစုငြိမ်း