မနက်ဖြန် ဖြစ်နိုင်တဲ့မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုသတိပြုရန်လို

Author ကိုထားဝယ်
Categories
Published on May 23, 2024

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန် မေ ၂၄ ရက်မှာ မုန်တိုင်းငယ်အဆင့်ကို ရောက်နိုင်တာကြောင့် တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ မိုးကြီးနိုင်တဲ့အတွက် ရေကြီးရေလျှံမှု သတိပြုဖို့လိုတယ်လို့ စစ်ကောင်စီ မိုးဇလနဲ့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းချက် ထုတ်ပြန်ထားကြပါတယ်။

 

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့ မနေ့က တိုင်းတာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး မနက်ဖြန်မှာ မုန်တိုင်းငယ်အဆင့်ကို ပြောင်းလဲလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

အဲဒီမုန်တိုင်းငယ်ကြောင့် မေ ၂၄ နဲ့ ၂၅ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

 

မိုးလေဝသပညာရှင် ဒေါ်စုစုစံကတော့ နောက်သုံးရက် မေ ၂၄ မှ ၂၆ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ Remal ရိမယ်အမည်ရှိ ဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်ပြီး အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှာ ထူးကဲမိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

 

အဲဒီတိုင်းတွေထဲက မြို့တွေမှာ မိုးရေချိန် ၁၂၀ မီလီမီတာကျော်အထိရွာသွန်းနိုင်ပြီး လေထန်ချိန်မှာ တစ်နာရီ ၃၂ မိုင်မှ ၃၆ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဒေါ်စုစုစံက ဆိုထားပါတယ်။

 

အဆိုပါမုန်တိုင်းဟာ မေ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ အနောက်ဘင်ဂေါနဲ့ ဘင်္ဂလားဒေ့ချ် တောင်ပိုင်းကမ်းခြေတွေကို ကုန်းတွင်းဝင်ရောက်သွားနိုင်တယ်လို့ သူ့ရဲ့ တရားဝင်လူမှုကွန်ရက်တွေကနေ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

 

မေ ၂၄ မှာ မုန်တိုင်းငယ်အဆင့်ရောက်ပြီးတဲ့နောက် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၅ ရက် ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ အဲဒီနေရာနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိပြီးနောက် မြောက်-အနောက်မြောက်ဘက်သို့ ပြန်ကွေ့ကာ မေ ၂၆ ရက်ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တယ်လို့ မိုးဇလက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်