“ဒီကနေ့ နိုဝင်ဘာလ ၂၆ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မိုးရွာနိုင်

Published on Nov 26, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

 

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ရှမ်းပြည် တောင်ပိုင်းနဲ့ အရှေ့ပိုင်း တို့မှာ နေရာကွက်ကျား မိုးရွာတယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကိုရွေ့လျားပြီး ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၇၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီမုန်တိုင်းငယ်ဟာ အဆင့်ထက်မတက်နိုင်တော့ဘူးလို့ ခန့်မှန်းချက်တချို့ရှိနေသလို ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လုနီးပါးအထိ ရှိတယ်လို့ ခန့်မှန်းချက်တချို့ရှိနေတာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

 

တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ တလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီ မိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ငါးပေကနေ ရှစ်ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် နိုဝင်ဘာ ၂၈ ၊ ၂၉ နဲ့ ၃၀ ရက် သုံးရက်အတွင်း မြန်မာပြည်အထက်ပိုင်းရှိ ချင်းပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းတွေမှာသာ မိုးအသင့်အတင့်ကနေ မိုးများနိုင်တယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ကျန်ပြည်နယ်နဲ့ တိုင်းအားလုံးမှာတော့ မိုးဖွဲလောက်ပဲ ရွာနိုင်တယ်လို့ ခန့်မှန်းထားပြီး ရန်ကုန်တိုင်းမှာတော့ မိုးမရွာနိုင်ဘူးလို့ သူက ခန့်မှန်းပြောဆိုထားပါတယ်။

 

 

 

Related News

Depend on news